
မကွေးတိုင်း၊ မြိုင်မြို့နယ်ကိုရောက်ရှိနေတဲ့ စစ်တပ်စစ်ကြောင်းဟာ ဇွန် ၁၇ ရက်နေ့မှာ မြဇီးတောရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးသွားတာကြောင့် သာသနိက အဆောက်အအုံတွေအပြင် အဆောက်အအုံ ၂၀ ကျော်နဲ့ လယ်ယာသုံးပစ္စည်းတွေအပါအဝင် ပြည်သူပိုင်ပစ္စည်းအများအပြား မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
We Love Myaing ရဲ့ တာဝန်ရှိသူ ဆရာထွေး က “ပခုက္ကူတပ်မ ၁၀၁ ကတဆင့် ကမ္မဘက်ကနေ မြိုင်တောင်ပိုင်းကိုဝင်လာကြတဲ့ စစ်ကြောင်းတွေထဲက အင်အား ၁၀၀ လောက်ပါတဲ့ စစ်ကြောင်းတကြောင်းက မြိုင်တောင်ပိုင်းမှာရှိတဲ့ မြဇီးတောရွာထဲကို ၁၆ ရက်နေ့ညပိုင်းမှာဝင်လာပြီး ညအိပ်တယ်။ ၁၇ ရက်နေ့ မနက် ၈ နာရီမထိုးခင်လောက်မှာ ရွာကိုမီးရှို့တယ်။ သူတို့ မီးရှို့သွားကြတာက သာသနိကအဆောက်အုံတွေတင်မဟုတ်ဘဲနဲ့ ပြည်သူတွေရဲ့ ဆိုင်ကယ်တွေ၊ လယ်ယာသုံးစက်ပစ္စည်းတွေ၊ ကားတွေနဲ့ သုံးဘီးတွေပါ အဓိကထားပြီး ရှို့သွားကြတာပါ” လို့ ပြောပါတယ်။
မြဇီးတောရွာဦးဘုန်းကြီးကျောင်းအတွင်းက ဇရပ် ၂ ဆောင်၊ လူနေအိမ်တွေနဲ့ နွားတင်းကုပ်တွေ အပါအဝင် အလုံး ၂၀ ကျော်၊ ဖောကား ၁ စီး၊ မြေတူးစက် ၁ စီး၊ လယ်ထွန်စက် ၁ စီး၊ သုံးဘီးဆိုင်ကယ် ၁ စီး၊ မော်တော်ဆိုင်ကယ် ၁၇ စီးတို့အပြင် တခြားအိမ်သုံးပရိဘောဂအမျိုးမျိုးနဲ့ စားနပ်ရိက္ခာအများအပြား မီးလောင်ပျက်စီးသွားတယ်လို့ သူက ဆက်ပြောပါတယ်။
စစ်တပ်စစ်ကြောင်းဟာ ဇွန် ၁၉ ရက်နေ့မနက်ပိုင်းမှာ သရက်ကန်ပျူစောထီးကျေးရွာဘက်ကို ဝင်ရောက်လာလာတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့သလို စစ်တပ်ဘက်က လေကြောင်းပစ်ကူတွေ ဆက်တိုက်ပြုလုပ်ခဲ့သေးတယ်လို့လည်း ဆိုပါတယ်။
ဧရာဒေါင်းတပ်ဖွဲ့ရဲ့ ထောက်လှမ်းရေးမှူး က “ပြီးခဲ့တဲ့လထဲတုန်းက ကျနော်တို့တွေ တိုက်ခိုက် သိမ်းပိုက်ထားတဲ့ သရက်ကန်ပျူရွာဘက်ကိုဝင်လာလို့ နေ့လယ်ပိုင်းကစပြီး မြေပြင်တိုက်ပွဲတွေ ဖြစ်ခဲ့တယ်။ တိုက်ပွဲဖြစ်နေတုန်း သူတို့ဘက်က အထိနာနေလို့ ညနေ ၄ နာရီလောက်ကစပြီး ၄ နာရီခွဲလောက်အထိ ဂျက်ဖိုက်တာ ၂ စီးနဲ့ Mi 35 တိုက်ခိုက်ရေး ရဟတ်ယာဉ် ၁ စီးတို့နဲ့ ဗုံး ၁၂ ကြိမ်လာကြဲလို့ ကျနော်တို့ဘက်ကရဲဘော်တွေ အထိအခိုက်မရှိဘဲ ခဏ ဆုတ်ပေးလိုက်တယ်။ စစ်ကြောင်းကတော့ သရက်ကန်ပျူရွာထဲဝင်သွားတယ်။ သူတို့တွေ အဲဒီရွာထဲမှာ ပြန်ထိုင်မယ်လို့လည်း ကြားနေရတယ်” လို့ DVB ကို ပြောပါတယ်။
သရက်ကန်ပျူစောထီးကျေးရွာအတွင်း ပြန်လည်ဝင်ရောက်သွားတဲ့ စစ်ကြောင်းနဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားလာနိုင်တာကြောင့် ဒေသခံပြည်သူတွေ၊ စစ်ဘေးရှောင်ပြည်သူတွေနဲ့ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေအနေနဲ့ စစ်တပ်ရဲ့လေကြောင်းရန်အန္တရာယ်ကို အထူးဂရုစိုက်ကြဖို့လည်း သူက ဆက်ပြောပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေဟာ မြိုင်မြို့နယ်တောင်ပိုင်းမှာရှိတဲ့ သရက်ကန်ပျူစောထီးကျေးရွာကို ပြီးခဲ့တဲ့ မေ ၂၂ နေ့ မနက်စောပိုင်းမှာ စတင်တိုက်ခိုက်ခဲ့ပြီး မေ ၂၃ ရက်နေ့ မနက်စောပိုင်းမှာ အပြီးသတ် သိမ်းပိုက်ရရှိခဲ့တာ ဖြစ်ပါတယ်။











