
မကွေးတိုင်း၊ ဆောမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ သက်ငယ်မုဒိမ်းနဲ့ လူသတ်မှု ကျူးလွန်သူကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တရားရုံးကနေ သေဒဏ်ချမှတ်လိုက်တဲ့အပေါ် ကျေနပ်အားရတယ်လို့ ဒေသခံတွေက ပြောကြားလိုက်ပြီး နောက်ထပ် အလားတူ ရာဇဝတ်မှုတွေ မဖြစ်လာအောင် အဟန့်အတားဖြစ်နိုင်တယ်လို့ ဥပဒေကျွမ်းကျင်သူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်က ဆောမြို့နယ်မှာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ် တယောက်ကို အသက် ၂၁ နှစ်အရွယ် မင်းမင်းစိုး ဆိုသူက ညအချိန် အပြင်ခေါ်သွားပြီး အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့တဲ့အမှုကို ၅ လကြာ စစ်ဆေးပြီးနောက် ဧပြီ ၂ ရက်မှာ NUG ဆောမြို့နယ် တရားရုံးကနေ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂(၁)(ဂ) အရ သက်ငယ်မုဒိမ်းမှုနဲ့ လူသတ် အလောင်းဖျောက်မှုတွေအတွက် သေဒဏ်ကျခံစေဖို့ အမိန့်ချမှတ်ခဲ့တာပါ။
ဒီအမှုဖြစ်စဉ်တုန်းက မြို့နေလူထုနဲ့ မိသားစုဝင်တွေဟာ ကျူးလွန်သူကို သေဒဏ်ပေးဖို့ ဆန္ဒပြတာ၊ လက်မှတ်ထိုး ကမ်ပိန်းလုပ်တာတွေအထိ ပြင်းပြင်းထန်ထန် တောင်းဆိုခဲ့ကြပါတယ်။
အခုလို NUG တရားရုံးက ပြည်သူ့ဆန္ဒနဲ့အညီ သေဒဏ်ချမှတ်လိုက်တဲ့အပေါ်မှာ ဒေသခံတွေ ကျေနပ်အားရနေကြပြီး တော်လှန်ရေးဘက်မှာ အားစိုက်ရကျိုးနပ်တယ်လို့ မိသားစုနဲ့နီးစပ်သူ တယောက်က ပြောပါတယ်။
“ဒီတခေါက်မှာတော့ သူတို့ သေဒဏ်ချမှတ်ပေးတဲ့ အချိန်မှာ မြင်တွေ့ချင်တယ်ဆိုတဲ့ ဆန္ဒရှိတဲ့ မြို့ခံတွေကတော့ ဒီတောင်းဆိုခဲ့ကြတဲ့သူတွေကတော့ ဒီလို ဒေသတွင်း မီဒီယာပေါ်မှာ သေဒဏ်ပေးတယ် ဆိုတာကို တွေ့တော့ ကျေနပ်အားရမှုတော့ ရှိကြပါတယ်ဗျ။ တော်လှန်ပြည်သူများအနေနဲ့တော့ NUG တရားရုံးတွေက ဒီလို ပြစ်ဒဏ်ကြီးတွေကို ချမှတ်ပေးလာနိုင်တဲ့အပေါ်မှာ ကျနော်တို့ ပိုပြီးတော့ တော်လှန်ရေးဘက်မှာ အားစိုက်ရကျိုး နပ်တယ်လို့ အဖြေတခုကို ရောက်လာတယ်လို့လည်းပဲ မြင်မိပါတယ်ဗျ။”
လုပ်ထုံးလုပ်နည်းအရ ဒီအမှုကို အမိန့်ချပြီး တပတ်အတွင်း NUG ပြည်ထောင်စုဝန်ကြီးဆီကို အမှုတွဲ ပေးပို့ရမှာဖြစ်ပြီး ပြည်ထောင်စုဝန်ကြီးက သင့်လျော်မှု ရှိမရှိ ပြန်လည်စစ်ဆေးပြီးမှသာ ချမှတ်ထားတဲ့ ပြစ်ဒဏ်အတိုင်း အကောင်အထည်ဖော်ဖို့ ၃၈ ရက်အတွင်း အပြီးလုပ်ဆောင်မယ်လို့ ဆိုပါတယ်။
အခုလို NUG တရားရုံးကနေ ပထမဆုံးအနေနဲ့ သေဒဏ်ပေးနိုင်ခဲ့တာဟာ နောက်ထပ် အလားတူ ရာဇဝတ်မှုတွေ မဖြစ်လာအောင် အဟန့်အတားတခု ဖြစ်စေတယ်လို့ ဆောမြို့နယ် ဒေသခံတယောက်က သုံးသပ်ပါတယ်။
“ဒီအမှုကတော့ ကျနော်တို့ ဆောမြို့နယ်မှာတော့ တော်တော်လေး ဂယက်ရိုက်သွားတဲ့ အမှုတခုပေါ့နော်။ ဆန္ဒပြတာတွေ ဖြစ်တဲ့အထိပေါ့နော်။ ၅ လကျော်ကြာ ကြားနာစစ်ဆေးပြီး နောက်ပိုင်းမှာ NUG တရားရုံး၊ မြို့နယ်တရားရုံးကနေ သေဒဏ်ချမှတ်လိုက်တဲ့အတွက် ဒေသခံတွေ အနေနဲ့ကတော့ ကျေနပ်မှုရှိကြပါတယ်။ အခုလို ပြစ်ဒဏ်ချမှတ်လိုက်တဲ့အတွက် နောက်နောင် ဒီလိုအမှုတွေ ပေါ်ပေါက်မလာအောင် တွန်းအားတခု ဖြစ်စေတယ်။”
စစ်ရေးပဋိပက္ခတွေကြားမှာ တရားဥပဒေစိုးမိုးရေး ယန္တရား အားနည်းသွားချိန် အခုလို ထိရောက်တဲ့ ပြစ်ဒဏ်ချမှတ်လိုက်နိုင်တာဟာ ကြီးမားတဲ့ အဟန့်အတား ဖြစ်သွားနိုင်တယ်လို့ ဥပဒေရေးရာ ကျွမ်းကျင်သူတယောက်ကလည်း မှတ်ချက်ပေးပါတယ်။
“ဒီလိုမျိုး အမိန့်ချတဲ့အတွက်ကို ထိရောက်ဟန့်တားတဲ့ ပြစ်ဒဏ်တခု ဖြစ်တယ်ပေါ့နော်။ ဒီလိုမျိုး ဖြစ်တာဖြစ်တဲ့အတွက်ကို ထိရောက်ဟန့်တားတဲ့ ပြစ်ဒဏ်ဆိုတာ နောက်ကျူးလွန်မဲ့သူတွေ အတွက်ကလည်း ဒါ အဟန့်အတားတခု အနေနဲ့တော့ ဖြစ်သွားနိုင်တယ်။ ဒါပေမဲ့ ဟို တချို့ ကျူးလွန်ချင်တဲ့သူကလည်း ကျူးလွန်ဦးမှာပဲ၊ ဒါမှ မဟုတ်ဘူးလားနော်။ အဲ... ဒါကတော့ စံပြတခုအနေနဲ့ ချနိုင်တာဖြစ်တဲ့အတွက်ကိုတော့ ဒါ အတိုင်းထက်အလွန်ပေါ့နော်။”
ဘာပဲဖြစ်ဖြစ် ပြည်သူလူထု ထိတ်လန့်တုန်လှုပ်ခဲ့ရတဲ့ သက်ငယ်မုဒိမ်းနဲ့ လူသတ်မှုကို အခုလို သေဒဏ်အထိ အမိန့်ချမှတ်နိုင်ခဲ့တာဟာ NUG ရဲ့ တရားစီရင်ရေး ယန္တရားနဲ့ အုပ်ချုပ်ရေးယန္တရား ပိုမိုသက်ဝင်လာမှုအတွက် အားကောင်းတဲ့ အရွေ့တခုဖြစ်တယ်လို့ ဥပဒေအသိုက်အဝန်းက ရှုမြင်နေကြပါတယ်။
သီရိ










