
မန္တလေးတိုင်း တံတားမြို့နယ်မှာ စစ်အာဏာရှင်လက်အောက်ခံ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင် အမျိုးသားတယောက် သေနတ်နဲ့ ပစ်သတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
တံတားဦးမြို့နယ် တောင်တလုံးကျေးရွာက ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်၊ ရာအိမ်မှူး အသက် ၄၇ နှစ်အရွယ် ဦးတင်မောင်ဆင့်ဟာ ဩဂုတ် ၁၂ ရက် မွန်းလွဲ ၁ နာရီခွဲလောက်က နေအိမ်မှာရှိနေချိန် အမည်မသိ လက်နက်ကိုင်အဖွဲ့က သေနတ်နဲ့ ပစ်သတ်သွားတာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “သူ့နေအိမ်မှာပဲ သေနတ်နဲ့ပစ်သတ်ခံရတာ။ သေနတ်သံကြားပြီး သိပ်မကြာဘူး ပစ်သတ်ခံရတာလို့ သိရတာပဲ။ ဘယ်အဖွဲ့က ပစ်သတ်သွားတယ်ဆိုတာ လောလောဆယ် မသိသေးပါဘူး။ ရင်ဘတ်ဒဏ်ရာနဲ့ တခါတည်း သေဆုံးသွားတာ” လို့ ပြောပါတယ်။
အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးတင်မောင်ဆင့်ကို အမည်မသိ လက်နက်ကိုင်အဖွဲ့ ၄ ယောက်က ဆိုင်ကယ် ၂ စီးနဲ့လာပြီး နေအိမ်မှာ ပစ်သတ်သွားတာဖြစ်ပြီး ရင်ဘတ် ကျည်ဖောက်ဝင်ဒဏ်ရာနဲ့ သေဆုံး သွားတာလို့ သိရပါတယ်။
ဦးတင်မောင်ဆင့် ပစ်သတ်ခံရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်တပ်ဝါဒဖြန့် မီဒီယာတချို့က PDF တွေက ဖမ်းဆီးပစ်ခတ်သတ်ဖြတ်သွားတာလို့ ရေးသားကြပေမဲ့ တော်လှန်ရေးတပ် PDF တွေဘက် က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
သြဂုတ် ၉ ရက်ကလည်း မန္တလေးတိုင်း၊ တံတားဦးမြို့နယ်၊ ကြပ်ပြင်ကျေးရွာ အုပ်ချုပ်ရေးမှူးဟာ အမည်မသိ လက်နက်ကိုင်အဖွဲ့ရဲ့ သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးသွားပါတယ်။











