
မန္တလေးတိုင်း၊ တံတားဦးမြို့အနားမှာ ဇူလိုင် ၃ ရက် ဒီကနေ့ မနက်က ပြင်းအား ရစ်ချ်တာစကေး ၄ ဒသမ ၈ ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ စစ်ကောင်စီလက်အောက်ခံ မိုးဇလဌာနက သတင်းထုတ်ပြန်ပါတယ်။
ဒီနေ့မနက် ၇ နာရီ ၁၀ မိနစ်ကျော်လောက်မှာ တံတားဦးမြို့ရဲ့ အနောက်မြောက်ဘက် ၅ မိုင် လောက်အကွာ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုလှုပ်ခတ်သွားတာ ဖြစ်ပါတယ်။
Video: War War
ငလျင်လှုပ်ခတ်မှုကို မန္တလေးဒေသခံတွေ သိရှိခံစားလိုက်ရပေမဲ့ ဒီငလျင်ကြောင့် ထိခိုက် ပျက်စီးမှု အခြေအနေကိုတော့ မသိရသေးပါဘူး။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနကလည်း ဒီမနက် ၇ နာရီ ၁၀ မိနစ်က မန္တလေးတိုင်း၊ မြင်းခြံမြို့ရဲ့ အရှေ့မြောက်ဘက် ၁၉ ကီလိုမီတာအကွာ၊ မြေအောက်အနက် ၁၇ ဒသမ ၂ ကီလိုမီတာကိုဗဟိုပြုပြီး ရစ်ချ်တာစကေး ၄ ဒသမ ၄ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်လှုပ်ခတ်သွားတာလို့ ထုတ်ပြန်ထားပါတယ်။
မြေငလျင်တိုင်းတာစက်နဲ့ ဗဟိုချက်ရဲ့ အနီးအဝေးပေါ်မူတည်ပြီး ငလျင်အင်အားပမာဏ အနည်းငယ် ကွာခြားမှုရှိနိုင်ကြောင်းနဲ့ ဆက်တိုက်လှုပ်ခတ်နေတဲ့ ငလျင်ငယ်တွေ ကြောင့် ထိခိုက်ဆုံးရှုံးမှု လျော့နည်းစေဖို့ ဆောင်ရန်၊ ရှောင်ရန်၊ သတိပြုချက်နဲ့အညီ နေထိုင်ကြဖို့ အသိပေးကြေညာ ထားပါတယ်။
ဇူလိုင် ၂ ရက်၊ မြန်မာစံတော်ချိန် နံနက် ၀၀:၄၉ မိနစ်ကလည်း ရှမ်းပြည်နယ်၊ နောင်ချိုမြို့အနီး၊ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြုပြီး ရစ်ချ်တာစကေး ၄ ဒသမ ၁ ရှိ မြေငလျင် လှုပ်ခတ်ခဲ့သလို ဇူလိုင် ၁ ရက် မြန်မာစံတော်ချိန် ၂ နာရီ၊ ၁၃ မိနစ်ကလည်း လင်းခေးမြို့ မြောက်-အနောက်မြောက်ဘက် ၅ မိုင်ခန့်အကွာမှာ အင်အားရစ်ချ် တာစကေး ၄ ဒသမ ၁ အဆင့်ရှိ မြေငလျင်လှုပ်ခတ်သွားခဲ့ပါတယ်။
မြန်မာပြည်အလယ်ပိုင်း စစ်ကိုင်းဒေသကို ဗဟိုပြုပြီး ပြင်းအား ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိ အင်အားပြင်း မြေငလျင်ကြီးတခု မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့လို့ လူပေါင်း ၄,၀၀၀ ကျော်သေဆုံးပြီး ထိခိုက်ပျက်စီး ဆုံးရှုံးမှုတွေ ကြီးကြီးမားမားဖြစ်ပေါ်ခဲ့တာပါ။