
ရခိုင်ပြည်၊ မောင်တောမြို့နယ်က လေးမိုင်(မွတ်ဆလင်) ကျေးရွာမှာ စစ်တပ် ထောင်ထားခဲ့တဲ့ မိုင်းတွေကို အာရက္ခတပ်တော် (AA) က ရှင်းလင်းခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မောင်တောမြို့နယ် လေးမိုင် (မွတ်ဆလင်)ရွာမှာ တိုက်ပွဲအတွင်းက စစ်ကောင်စီတပ်စွဲခဲ့ပြီး ထောင်ထားခဲ့တဲ့ မိုင်းတွေကို AA က ဧပြီ ၂၇ ရက်မှာ ရှင်းလင်းပေးခဲ့တယ်လို့ AA နဲ့ နီးစပ်တဲ့ မောင်တောမြို့နယ်နေ အမျိုးသမီးတယောက်က ပြောပါတယ်။
“မြို့သိမ်းတိုက်ပွဲတွေပြီးကတည်းက မောင်တောမြို့နယ်မှာ AA က မိုင်းရှင်းပေးနေတာပါ။ ၂၇ ရက်နေ့ကဆိုရင် မောင်တော လေးမိုင် မွတ်ဆလင်ရွာအနားကို ရှင်းခဲ့တယ် မိုင်း ၂၂ လုံးရတယ်။”
စစ်အာဏာရှင်တပ်ဟာ ရခိုင်ပြည်အတွင်းမှာ အဓိက ဒေသခံတွေ သွားလာတဲ့ ကားလမ်းတွေ၊ ယာခင်း၊ စိုက်ခင်း၊ ဆည်ကန်သင်းအပါအဝင် တပ်စွဲနေထိုင်ခဲ့တဲ့နေရာတွေမှာ တပ်ဆုတ်ပြေးစဉ်က မိုင်းအမြောက်အမြား ထောင်ခဲ့တာကြောင့် ဒေသခံတွေ တားမြစ်နေရာကို မသွားလာကြဖို့ လိုတယ်လို့ မောင်တောဒေသခံ လူမှုကူညီရေးလုပ်သူ အမျိုးသားတယောက်က ပြောပါတယ်။
“စစ်ကောင်စီက မိုင်းတွေကို လူနေကျေးရွာတွေမှာတောင် ထောင်တာ။ သူတို့ တပ်ဆုတ်ပြေးတဲ့ နေရာ။ တပ်စွဲတဲ့ နေရာဝန်းကျင်၊ ယာခင်း၊ ဥယျာဉ်တွေ အထူးသတိထားဖို့လိုတယ်။ တားမြစ်နေရာတွေကိုလည်း မသွားဖို့လိုတယ်။”
ဧပြီ ၂၇ ရက်က မောင်တောမြို့နယ်၊ လေးမိုင် (မွတ်ဆလင်) ရွာအနီးတူးဖော်စဉ် M-2 မိုင်း ၂၂ လုံးကို ထပ်မံ တူးဖော်သိမ်းဆည်းရမိခဲ့တယ်လို့ AA နဲ့နီးစပ်တဲ့ ဒေသခံတွေက ပြောပါတယ်။
Photo: APM











