
တောင်ဆူဒန်အစိုးရဟာ အတိုက်အခံတွေ ထိန်းချုပ်ထားတဲ့ ဒေသတွေဆီ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူအညီတွေ ဝင်ရောက်ခွင့်ကို ပိတ်ဆို့ထားတယ်လို့ ပြင်သစ်အကူအညီ ပေးရေးအဖွဲ့ဖြစ်တဲ့ နယ်စည်းမခြားဆရာဝန်များအဖွဲ့ (MSF) က မေ ၁၉ ရက်မှာ စွပ်စွဲလိုက် ပါတယ်။
ဆင်းရဲနွမ်းပါးတဲ့ တောင်ဆူဒန်နိုင်ငံမှာ ဆက်ဖြစ်နေတဲ့ ပဋိပက္ခအတွင်း ပါဝင်ပတ်သက်သူအားလုံးက နိုင်ငံရေးနဲ့ စစ်ရေးရည်ရွယ်ချက်တွေအတွက် အကူအညီတွေကို အမြတ်ထုတ်နေတယ်လို့ ပြောပါတယ်။
ဖမ်းဆီးခံထားရတဲ့ ဒုတိယသမ္မတ ရိခ်မာချာရဲ့ ဆူဒန်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (SPLA-IO) ပါတီကို သစ္စာခံတဲ့ တိုက်ခိုက်ရေးသမားတွေနဲ့ စစ်တပ်အကြား ပဋိပက္ခတွေဟာ ပြီးခဲ့ တဲ့ နှစ်ကစပြီး မြင့်တက်လာခဲ့တာပါ။
အတိုက်အခံတွေက ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ လူထောင်ပေါင်းများစွာဟာ သူတို့အိမ်တွေကနေ ထွက်ပြေးခဲ့ရပါတယ်။
တောင်ဆူဒန်အစိုးရက အငြင်းပွားနေတဲ့ နေရာတွေနဲ့ SPLA-IO ထိန်းချုပ်ထားတဲ့ နေရာတွေက အရပ်သားတွေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းတွေကို ရည်ရွယ်ပြီး ဝင်ရောက်ခွင့် ပိတ်ဆို့တာ၊ ထပ်ခါတလဲလဲ အတင်းအကျပ် ဘေးလွတ်ရာ ရွှေ့ပြောင်းခိုင်းတာစတဲ့ စိုးရိမ်စရာ လမ်းကြောင်းတွေကို တွေ့ခဲ့တယ်လို့ MSF က အစီရင်ခံစာ ထုတ်ပြန်ပြောပါတယ်။
တချိန်တည်းမှာပဲ၊ ပဋိပက္ခမှာ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းအားလုံးက စစ်ရေးနဲ့ နိုင်ငံရေး ရည်မှန်းချက်တွေအတွက်အကူအညီတွေကို အသုံးချနေကြတယ်လို့ MSFက ပြောပါတယ်။
NGO တွေက အကူအညီတွေကို တနေရာကနေ တနေရာကို ရွှေ့ပြောင်းဖို့ အတင်းအကျပ် လုပ်ခိုင်းနေတာဟာ လူမှုအသိုက်အဝန်းတခုလုံးအတွက် အသက်ကယ်အကူအညီတွေ ဆုံးရှုံးစေ တယ်လို့ MSF က ပြောပါတယ်။
စစ်တပ်နဲ့ အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူတွေဆီ ဖုန်းခေါ်ဆိုမှုတွေကိုတော့ ဖြေကြားခြင်း မရှိပါဘူး။
၂၀၂၅ ခုနှစ် မေလနဲ့ ဒီနှစ် ဖေဖော်ဝါရီလမှာ ဆေးရုံ ၂ ရုံကို ဗုံးကြဲတိုက်ခိုက်မှုအပါအဝင် သူတို့ရဲ့ အဆောက်အအုံတွေကို တိုက်ခိုက်မှုတွေကြောင့် လူ ၇၆၂,၀၀၀ လောက် ကျန်းမာရေး စောင့်ရှောက်မှုကို ဆုံးရှုံးခဲ့ရတယ်လို့ ဆေးဘက်ဆိုင်ရာ ပရဟိတအဖွဲ့ MSFက ပြောပါတယ်။
Source:Reuters











