
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်နဲ့ ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်က စစ်ကောင်စီရဲ့ တပ်စခန်း ၂ ခုကို သိမ်းပိုက်နိုင်ပြီး စစ်အာဏာရှင်တပ်ဘက်က ၁၃ ယောက် သေဆုံးတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တိုင်းစစ်ဌာနတွေက ဧပြီ ၁၂ ရက် ညမှာ ထုတ်ပြန်ပါတယ်။
ဘီးလင်းမြို့နယ်က စစ်အာဏာရှင်တပ် အထိုင်ချတပ်စွဲထားတဲ့ လေးကေစခန်းကို ဧပြီ ၇ ရက်မှာ စတင်တိုက်ခိုက်ခဲ့ပြီး ၁၂ ရက် မနက်မှာ အပြီးသတ် သိမ်းဆည်းရှင်းလင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
စခန်းသိမ်းတိုက်ပွဲအတွင်း စစ်တပ်ရဲ့ ဒုတပ်ရင်းမှူး အောင်သော်နဲ့ တခြားအဆင့် တယောက်ကို အရှင်ဖမ်းဆီးနိုင်ခဲ့ပြီး ၅ ယောက် သေဆုံးသလို ဒဏ်ရာရသူ ၁၀ ယောက်လောက်က ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။
အဲဒီကနေ ငါကြင်းမြီး ၁ လက်၊ MA2 ၁ လက်၊ ၆၀ မမ ၁ လက်၊ ၆၀ မမ ဗုံးသီး ၂၉ လုံး၊ ၄၀ မမ ဗုံးသီး ၇၅ လုံး၊ ၅.၅၆ ကျည် အတောင့် ၄,၀၀၀၊ ဂျန်မာစက် ၃ လုံး၊ ဆက်သွယ်ရေးအထိုင်စက် ၄ လုံး၊ မီးစက် ၁ လုံးနဲ့ တခြား စစ်သုံးပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲကို KNU တပ်မဟာ ၁ က KNLA တပ်ရင်းတွေ၊ KNDO၊ ABSDF၊ အထူးတိုင်းစစ်ဌာန နည်းဗျူဟာ ၃၇ ကွပ်ကဲမှုအောက်ကတပ်ရင်းတွေ၊ နည်းဗျူဟာ ၂၇ ကွပ်ကဲမှု အောက်ကတပ်ရင်းတွေ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF၊ ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးစစ်ကြောင်း၊ UOC စစ်ကြောင်း၊ FFD ဒရုန်းတပ်ဖွဲ့၊ ရောင်နီဒရုန်းတပ်ဖွဲ့၊ Cloud Wings ဒရုန်းတပ်ဖွဲ့နဲ့ KRF ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။
ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်မှာရှိတဲ့ စစ်တပ်ရဲ့ လက်ယက်စခန်းကိုလည်း ဧပြီ ၄ ရက်မှာ ထိုးစစ်ဆင်ခဲ့ပြီး ၇ ရက် မနက်မှာ အပြီးသတ်သိမ်းဆည်းရှင်းလင်းခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
တိုက်ပွဲမှာ စစ်တပ်ဘက်က ၈ ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အယောက် ၃၀ လောက်ကတော့ စခန်းစွန့်ခွာ ထွက်ပြေးသွားကြတယ်လို့ ဆိုပါတယ်။
လက်ယက်စခန်းကနေ ၆၀ မမ ၁ လက်၊ MA11 ၄ လက်၊ MA 1 ၁ လက်၊ MA4 ပူးတွဲ ၁ လက်၊ RPG အသီး ၇ စုံ၊ စက်လက်ကျည် အတောင့် ၆၀၀၊ ၅.၅၆ ကျည် အတောင့် ၅၀၀၊ ၆၀ မမ ဗုံးသီး ၅ လုံး၊ ကျည်ဘောက် ၁၂ ခုနဲ့ တခြားစစ်သုံးပစ္စည်းတွေ၊ ဂျန်မာစက် ၂ စုံ၊ မီးစက် ၂ လုံး သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ စခန်းသိမ်း တိုက်ပွဲကိုတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ရန်ကုန်တိုင်းစစ်ဌာန ကွပ်ကဲမှုအောက်က တပ်ရင်းတွေ၊ အထူးတိုင်းစစ်ဌာန နည်းဗျူဟာ ၃၆ ကွပ်ကဲမှုအောက်က ဒေါနတပ်ရင်း၊ Southern Eagle တပ်ရင်း၊ တောင်ညိုတပ်ရင်း၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF၊ ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးစစ်ကြောင်း၊ ပဲခူးခရိုင်ပကဖ တိုက်ခိုက်ရေးစစ်ကြောင်း၊ SOG ဒရုန်းတပ်ဖွဲ့နဲ့ KNLA တပ်ရင်း ၇၊ တပ်ခွဲ ၁ တို့ ပူးပေါင်းသိမ်းပိုက်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။
ဘီးလင်းမြို့နယ်ထဲမှာ စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်တာကြောင့် ကျေးရွာပေါင်း ၁၃ ရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုကလည်း ဧပြီ ၁၂ ရက်မှာ ထုတ်ပြန်ပါတယ်။
ဧပြီ ၂ ရက်ကနေ ၉ ရက်နေ့အထိ ပြည်သူလူထုနေထိုင်တဲ့ ရွာတွေနဲ့ လုပ်ငန်းခွင်တွေကို ပစ်မှတ်ထားပြီး လေယာဉ်နဲ့ ၂၆ ကြိမ် ဗုံးကြဲကာ အော်လီဂန်းနဲ့ ၃ ကြိမ် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ရွာပေါင်း ၁၃ ရွာက ပြည်သူတွေ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရပြီး စစ်ဘေးရှောင်နေရသူ ၁၃,၀၀၀ ကျော် ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ရှောင်ပြည်သူတွေအတွက် နေရာထိုင်ခင်း၊ စားနပ်ရိက္ခာနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အကူအညီတွေ အရေးပေါ်ထောက်ပံ့ဖို့လည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။










