DVB Logo
Home
မြန်မာသတင်း
ရေကြီးမှုကြောင့် နိုင်ငံတွင်း ကမ္ဘာလှည့်ခရီးသည် ၀င်ရောက်မှု ထိခိုက်
DVB
·
August 12, 2015
ရေကြီးမှုကြောင့် နိုင်ငံတွင်း ကမ္ဘာလှည့်ခရီးသည် ၀င်ရောက်မှု ထိခိုက်
Donate to DVB

မြန်မာနိုင်ငံအနှံ့အပြား ရေလွှမ်းမိုးမှုကြောင့် လယ်ယာမြေနဲ့ အခြားအပျက်အစီး ဓာတ်ပုံတွေကို တကမ္ဘာလုံးက တွေ့ရပြီးတဲ့နောက်မှာ မြန်မာပြည်တွင်း ၀င်ရောက်လာမယ့် ခရီးသွားဧည့်သည် ၀င်ရောက်မှုကို ထိခိုက်စေတယ်လို့ Channel News Asia သတင်းမှာ ဖော်ပြပါတယ်။

ဒါပေမယ့် အဓိကဆွဲဆောင်နိုင်တဲ့ နေရာတွေကို ထိခိုက်ခဲ့တာ မဟုတ်တဲ့အတွက် မကြာခင် ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပြန်ပြီးမြှင့်တင်နိုင်ဖို့ မျှော်လင့်နေတယ်လို့ ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူတွေက ပြောပါတယ်။

ပြည်တွင်းခရီးသွားလုပ်ငန်း ကုမ္ပဏီတခုဖြစ်တဲ့ အိုးဝေရဲ့ စီအီးအို ဦးနေအောင်က “ဒါက ကျိုးကြောင်းဆီလျော်တယ်လို့ ကျနော်ထင်ပါတယ်။ မြန်မာပြည်ကိုလာမယ့် ခရီးသွား ဧည့်သည်တွေအနေနဲ့ သူတို့လာမယ့် ခရီးအတွက် ပိုပြီးသတိထားကြမှာပဲ။ ပြည်နယ်နဲ့တိုင်း ၁၄ ခုမှာ ၁၂ ခုက ရေကြီးရေလျှံမှုတွေ ဖြစ်နေတာဆိုတော့ ဒါက တနိုင်ငံလုံး တော်တော်ကြီးကြီးမားမား ထိခိုက်တာပဲ” လို့ ပြောပါတယ်။

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးမောင်မောင်ဆွေက “တချို့မီဒီယာတွေက သတင်းအချက်အလက်အမှန်ကို ဖော်ပြကြတယ်။ တချို့ကျတော့ သတင်းအချက်အလက် မှားနေတာမျိုး၊ နောက်ဆုံးရသတင်းတွေကို မဖော်ပြနိုင်တာမျိုးတွေ ရှိတယ်။ သတင်းအချက်အလက်ဟောင်းတွေကိုပဲ ထပ်ကာထပ်ကာ သုံးတာမျိုးတွေ လုပ်ကြတယ်။ ဒါဟာ မြန်မာနဲ့ပတ်သက်ပြီး ဆိုးဝါးတဲ့ပုံရိပ်တွေ ဖြစ်စေတာပဲ”  လို့ ပြောပါတယ်။

ဒီနှစ်မှာ နိုင်ငံတကာက ခရီးသွားဧည့်သည်တွေနဲ့ လာမယ့်နိုဝင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် နိုင်ငံတွင်းပြန်လာကြမယ့် မြန်မာနိုင်ငံသားတွေ အပါအ၀င် ခရီးသွားဧည့်သည် အရေအတွက်  ၅ သန်း ၀င်လာမယ်လို့ မျှော်မှန်းထားခဲ့တာ ဖြစ်ပါတယ်။

“ခရီးသွားဧည့်သည်တွေအနေနဲ့ မြန်မာနိုင်ငံကို စိတ်ဝင်စားကြပြီးသားပါ။ နိုဝင်ဘာလဟာ ခရီးသွား ပွင့်လင်းရာသီလည်းဖြစ်တယ်။ ရွေးကောက်ပွဲကာလမှာလည်း သူတို့အနေနဲ့ လေ့လာနိုင်တော့ ဒီအချိန်ကို ရွေးချယ်ကြတာပါ” လို့ ဦးမောင်မောင်ဆွေက ပြောပါတယ်။

ရေကြီးရေလျှံမှုကြောင့် ပျက်စီးထိခိုက်မှုတွေထဲမှာ ကမ္ဘာလှည့်ခရီးသည်တွေကို အဓိက ဆွဲဆောင်နိုင်တဲ့ နေရာတွေဖြစ်တဲ့ ရန်ကုန်မြို့က ရွှေတိဂုံဘုရားနဲ့ ရှေးဟောင်းအမွေအနှစ် ယဉ်ကျေးမှုနယ်မြေတွေဖြစ်တဲ့ ပုဂံဒေသနဲ့ အင်းလေးကန်တို့ကတော့ ထိခိုက်ပျက်စီးတာတွေ မရှိခဲ့ပါဘူး။

မြန်မာနိုင်ငံ ဟိုတယ်နဲ့ခရီးသွားကဏ္ဍအနေနဲ့ နိုင်ငံတွင်းဝင်လာမယ့် ခရီးသွား ဧည့်သည်တွေကို လုံခြုံစိတ်ချစွာ လာရောက်လည်ပတ်နိုင်ဖို့ သတင်းထုတ်ပြန်ချက်တွေ ထုတ်ပြန်ခဲ့ပေမယ့် လက်ရှိကာလဟာ ပွင့်လင်းရာသီ မဟုတ်တဲ့အတွက် လာမယ့် အောက်တိုဘာလအထိ ငြိမ်သက်နိုင်တယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013