DVB Logo
Home
မြန်မာသတင်း
YDF အဖွဲ့ ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရန် တော်လှန်ရေးတပ်ဖွဲ့များ တောင်းဆို
DVB
·
March 25, 2026
Photo : YDF
Photo : YDF
Donate to DVB

မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ ယောဒေသကာကွယ်ရေးတပ် (YDF) တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး ၂ ယောက် သေဆုံးသွားပါတယ်။

YDF တပ်ဖွဲ့ဝင်အချင်းချင်းကြား နှစ်နဲ့ချီ ဖြစ်နေတဲ့ အငြင်းပွားမှုတွေကို စေ့စပ်ညှိနှိုင်းကြဖို့ ယောဒေသထဲက အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက တောင်းဆိုနေကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် မေလကစပြီး ကိုမြတ်သူ ဦးဆောင်တဲ့ ယောကာကွယ်ရေးတပ် (YDF) စစ်ရုံးချုပ်နဲ့ ဗိုလ်ကြီးကောင်းကောင်း အပါအဝင် YDF မြေပြင်စစ်ဒေသရုံးက ရဲဘော်တွေကြား နှစ်ဖက်ပဋိပက္ခတွေရှိခဲ့ပြီး မတ် ၂၂ ရက်‌ ညနေပိုင်းမှာ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာပါ။

ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ ရေမျက်နီကျေးရွာက ဗိုလ်ကြီးကောင်းကောင်းရဲ့ သားဖြစ်သူ ရှင်ပြုအလှူကို YDF စစ်ရုံးချုပ်က ကိုမြတ်သူအဖွဲ့က ထောက်လှမ်းရေး ၂ ယောက် ရောက်ရှိလာတယ်လို့ ဆိုပါတယ်။

အဲဒီ ၂ ယောက်နဲ့ ဗိုလ်ကြီးကောင်းကောင်း အပါအဝင် ရဲဘော် ၅ ယောက်တို့က ရေမျက်နီရွာနားမှာရှိတဲ့ ညောင်လည်ရွာကို ခေါ်သွားပြီး စကားပြောဆိုနေကြချိန်မှာ YDF စစ်ရုံးချုပ်ဘက်က ကားတစီးနဲ့ ရဲဘော် အယောက် ၂၀ ‌ကျော်လောက် ရောက်လာပြီး ဝိုင်းပစ်ခဲ့ကြတယ်လို့ အဲဒီဖြစ်စဉ်မှာပါခဲ့တဲ့ ရဲဘော်တယောက်က ပြောပြပါတယ်။

“ကားတစီးနဲ့ ရောက်လာပြီးတော့မှ ကျနော်တို့ကို ဟိတ်ရောင်တွေ လက်နက်ချလို့ အော်ပြီးတော့မှ ဝိုင်းပစ်ကြတာဗျ။ အဲ့မှာ ကျနော်တို့က ပြေးတာ။ စတားလင့်ဆိုင်ကနေ ထွက်ပြေးတော့ ကုန်းတခုကိုရောက်တာ၊ ကိုယ့်ကိုပစ်တော့ ပြန်ပစ်မယ်လုပ်တာ၊ အဲ့မှာ ဗိုလ်ကြီးကောင်းကောင်းက ပြန်မပစ်နဲ့၊ ကိုယ့်အချင်းချင်းတွေကို လွတ်အောင်ရှောင်ကြလို့ ပြောတာ၊ ပြောပြီးတော့ ကျနော်တို့က မပစ်ဘဲနဲ့ အနောက်ဘက်ကို ရသလောက် ဆုတ်တာဗျ။ ကျနော်တို့က အဲ့ဘက်နယ်မြေတွေလည်း မကျွမ်းကျင်တော့ ချောင်းနဲ့ ကမ်းပါးနဲ့ အစပ်ကို‌ ရောက်သွားတော့ ဘယ်လိုမှ နောက်ကိုဆုတ်လို့မရတဲ့ အနေအထားမှ ပြန်ပစ်တယ်ဗျ။”

အဲဒီပစ်ခတ်မှုအတွင်း ဗိုလ်ကြီးကောင်းကောင်းနဲ့ တပ်ကြပ် စိုင်းဇော်ဝင်းတို့ ကျဆုံးခဲ့ပြီး ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသွားတဲ့ ဗိုလ်ကြီးကောင်းကောင်း အပါအဝင် YDF စစ်ဒေသရုံးက ခေါင်းဆောင်ပိုင်း ၅ ယောက်ကို ငွေကြေးအလွဲသုံးစားမှု၊ ထောင်ဖောက်မှု၊ လူသတ်မှု စတဲ့အမှုတွေနဲ့  YDF စစ်ရုံးချုပ်က စွပ်စွဲထားတာ ရှိပါတယ်။ ဒါပေမဲ့ အဲဒါတွေနဲ့ပတ်သက်ပြီး DVB အနေနဲ့ သီးခြား အတည်မပြုနိုင်ပါဘူး။

ဒါ့အပြင် YDF ရဲဘော် ၂ ယောက်ကို ဗိုလ်ကြီးကောင်းကောင်း ဦးဆောင်တဲ့အဖွဲ့က ပြန်ပေးဆွဲသွားတဲ့အတွက် အဲဒီရဲဘော်တွေကို ကယ်ဆယ်ရေးလုပ်ရင်း ပစ်ခတ်မှု ဖြစ်ခဲ့တယ်လို့  YDF စစ်ရုံးချုပ်ဘက်က ထုတ်ပြန်ထားပါတယ်။

အခုဖြစ်ခဲ့တဲ့ပစ်ခတ်မှုဟာ တော်လှန်ရေးတပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုမဟုတ်ဘဲ စစ်ရာဇဝတ်မှု ကျူးလွန်ထားသူတွေရဲ့ ဥပ‌ဒေမဲ့ စော်ကားတိုက်ခိုက်မှုတွေကြောင့် ခုခံကာကွယ်ရတာလို့ YDF စစ်ရုံးချုပ်မှ ကိုအားမာန်က ပြောပါတယ်။ 

“ဒီကိစ္စရပ်က တော်လှန်ရေးတပ်ဖွဲ့ဝင်တွေအကြားမှာ ပစ်ခတ်တဲ့ကိစ္စ မဟုတ်ဘူးပေါ့လေ။ ကိုကောင်းကောင်းတို့ ကိုယောလင်းတို့ ဦးဆောင်တဲ့ လူတစုက ပထမ ထောင်ဖောက်မှုဖြစ်စဉ် မတိုင်ခင်က ကျူးလွန်ထားတဲ့ ပြစ်မှုတွေ ရှိပါတယ်။ မတ်လ ၂၂ ရက်နေ့မှာ ကျနော်တို့ရဲဘော် ၂ ယောက်ကို ဖမ်းဆီးတယ်။ ဖမ်းဆီးပြီးတော့ကျ ကျနော်တို့ဘက်က ကယ်ဖို့သွားတဲ့အချိန်မှာ သူတို့ဘက်က စပြီးတော့ ပစ်ခတ်တာဖြစ်တဲ့အတွက် ကျနော်တို့ဘက်က ပြန်လည်ပစ်ခတ်မှု လုပ်ခဲ့ရတာပေါ့နော်၊ အဲဒီအခြေအနေပဲ ရှိပါတယ်။”

ကိုမြတ်သူ ဦးဆောင်တဲ့ ယောကာကွယ်ရေးတပ် (YDF) နဲ့ ဗိုလ်ကြီးကောင်းကောင်း အပါအဝင် YDF မြေပြင်စစ်ဒေသရုံးက ရဲဘော်တွေ နှစ်ဖက်ပဋိပက္ခတွေ ရှိနေတဲ့အတွက် မကွေးတိုင်း စစ်ဌာနတိုင်းမှူး (MOD)၊ နွေဦးတော်လှန်ရေး တပ်ပေါင်းစု SRA နဲ့ ဂန့်ဂေါခရိုင် စစ်ဒေသရုံးတို့က တာဝန်ရှိသူတွေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေလုပ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်အချင်းချင်း လက်နက်ကိုင်လမ်းစဉ်နဲ့ မဖြေရှင်းကြဖို့ သဘောတူညီမှု ရရှိထားတယ်လို့လည်း ဒေသခံ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ယောဒေသက တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကတော့ ပြည်သူလူထုအကျိုးကို ကြည့်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်အချင်းချင်း အမြန်ဆုံး ပြေလည်အောင် ဖြေရှင်းကြဖို့ တိုက်တွန်းနေကြပါတယ်။

ဒေသခံ တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “ဒီလို တပ်ဖွဲ့ဝင်အချင်းချင်း ကျည်ဖောက်တဲ့ ကိစ္စတွေကတော့ မကောင်းဘူးပေါ့။ SRA တို့လိုမျိုး၊ MOD တို့လို အဖွဲ့အစည်းတွေက စေ့စပ်ညှိနှိုင်းရင်းနဲ့ ကျည်ပေါက်တယ်ဆိုတော့ ဒီအဖွဲ့အစည်းတွေရဲ့ ပါဝင်စေ့စပ်ညှိနှိုင်းတဲ့ ကိစ္စတွေမှာလည်း နောက်ပိုင်းမှာ ခက်ခဲလာနိုင်ခြေ ရှိတယ်ပေါ့နော်။ ဒီလို ပဋိပက္ခဖြစ်တဲ့ တပ်ဖွဲ့ဝင်တွေ အနေနဲ့ သေချာသုံးသပ်ဆင်ခြင်ပြီးတော့မှ ဒေသထဲမှာရှိနေတဲ့ ကိုယ့်ရဲ့ တပ်ဖွဲ့ဝင်တွေရဲ့ အကျိုး၊ ပြည်သူလူထုမျက်နှာကို ကြည့်ပြီးမှ ဖြေရှင်းကြဖို့လိုပါတယ်” လို့ ပြောပါတယ်။

အဲဒီလို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေအချင်းချင်း ပဋိပက္ခတွေ ဖြစ်ပွားနေချိန်မှာပဲ စစ်ကောင်စီကတော့ YDF တပ်စခန်းတွေကို မတ် ၂၄ ရက် မွန်းလွဲပိုင်းမှာ တိုက်လေယာဉ် ၆ စီးနဲ့ ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် တပ်စခန်းတွေ မီးလောင်ပျက်စီးခဲ့တယ်လို့ ယောကာကွယ်ရေးတပ် (YDF) စစ်ရုံးချုပ်က ပြောပါတယ်။

သီရိ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013