DVB Logo
Home
မြန်မာသတင်း
ဧရာဝတီ ရေဘေးသင့်သူ ၂ သိန်းခွဲကျော်ရှိပြီး လယ်ဧက ၂ သိန်းခန့် ရေမြုပ်
DVB
·
August 8, 2015
ဧရာဝတီ ရေဘေးသင့်သူ ၂ သိန်းခွဲကျော်ရှိပြီး လယ်ဧက ၂ သိန်းခန့် ရေမြုပ်
Donate to DVB

ဧရာဝတီတိုင်းအတွင်းရှိ မြစ်များ ရေကြီးရေလျှံမှုကြောင့် လူဦးရေ ၂ သိန်းခွဲကျော် ရေဘေးသင့်နေပြီး လယ်ဧက ၂ သိန်းခန့် ရေမြုပ်နေတယ်လို့ တိုင်းအစိုးရအဖွဲ့က ပြောပါတယ်။

ဟင်္သာတခရိုင်အတွင်း ရေကြီးမှု အဆိုးဆုံးဖြစ်ပြီး ဒီနေ့ထိ လူအသေအပျောက် မရှိသေးဘူးလို့ တိုင်းအစိုးရအဖွဲ့အတွင်းရေးမှူး ဦးအေးကျော်က ပြောပါတယ်။

“ဟင်္သာတခရိုင်က ၆ မြို့နယ်စလုံး နည်းနည်းများပါတယ်။ ဟင်္သာတက ၁၀၇၅၂ အိမ်ထောင်စု၊ ဇလွန်က ၄၅၅၄ စု၊ လေးမျက်နှာက ၅၄၄၅စု ရှိတယ်၊ မြန်အောင်က ၁၀၄၂၄ စု၊ ကြံခင်းက ၁၇၆၂၊ အင်္ဂပူက ၁၀၄၇၀၊ အဲ့ဒီ အိမ်ထောင်စုတွေ အားလုံး ရေဘေးသင့်နေတာပေါ့။ လူဦးရေအားဖြင့် အချုပ်အားဖြင့် ပြောရရင် ၂၅၂၉၅၇ ယောက်။”

ဧရာဝတီတိုင်းအတွင်း မြောင်းမြ၊ ဖျာပုံ၊ လပွတ္တာ ခရိုင်တို့မှာ ရေကြီးရေလျှံခြင်း လုံးဝ မရှိဘူးလို့လည်း ပြောပါတယ်။

ရေကြီးနစ်မြုပ်တဲ့ လယ်ဧက ၂ သိန်းလောက်ဟာလည်း ဟင်္သာတခရိုင်အတွင်းကပဲဖြစ်ပြီး လယ်ဧက ၅၀၀၀၀ လောက်ကတော့ ပျက်စီးဆုံးရှုံးသွားပြီ ဖြစ်ပါတယ်။

တိုင်းအစိုးရအနေနဲ့ ရေလွှမ်းမိုးနိုင်တဲ့ ဒေသတွေမှာ နေထိုင်ကြတဲ့ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းထားဖို့ ညွှန်ကြားထားပြီး ဒေသအလိုက် ပြောင်းရွှေ့ထားပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် တိုင်းအတွင်းရှိ ဧရာဝတီရေကာတာ၊ င၀န်ရေကာတာ စတဲ့ ရေကာတာတွေ ကျိုးပေါက်ခြင်း မရှိအောင် ၂၄ နာရီ စောင့်ကြပ်ကြည့်ရှုနေပြီး ခုချိန်ထိ တာတမံတခုမှ ကျိုးပေါက်ခြင်း မရှိသေးဘူးလို့လည်း ဆိုပါတယ်။

တိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေကို အစိုးရက ထောက်ပံ့နေသလို စေတနာရှင်ပြည်သူတွေကလည်း လာရောက်ထောက်ပံ့ကူညီနေကြပြီး စေတနာရှင်တွေရဲ့ ကူညီထောက်ပံ့မှုဟာ အားရဖို့ကောင်းတဲ့ အခြေအနေမှာ ရှိနေပါတယ်။

မိုးလေ၀သဌာနရဲ့ ဒီနေ့ မွန်းလွဲပိုင်း ထုတ်ပြန်ချက်အရ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့မှာ (၃) ပေခွဲခန့်စီ၊ စိုးရိမ်ရေမှတ်အသီးသီးအထက် ကျော်လွန်နေတယ်လို့ သိရပါတယ်။

မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေ အထူးသတိပြုနေထိုင်ကြဖို့လည်း မိုးလေ၀သဌာနက သတိပေးထားပါတယ်။

မိုးလေ၀သပညာရှင် ဦးထွန်းလွင်ကတော့ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ နဲ့ မအူပင်မြို့ ပတ်ဝန်းကျင်ဒေသတွေမှာ ရေဖုံးလွှမ်းမှု အလားအလာ မြင့်မားနေတယ်လို့ ဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013