
ဥရောပမှာ လေယာဉ်ဆီ ၆ ပတ်စာလောက်ပဲ ကျန်တော့တယ်လို့ နိုင်ငံတကာစွမ်းအင်အေဂျင်စီ (IEA) အကြီးအကဲက သတိပေးပါတယ်။
လက်ကျန်ဆီတွေကို အရှေ့အလယ်ပိုင်းက ဆီတွေတင်သွင်းပြီး အစားမထိုးနိုင်ဘူးဆိုရင် ဇွန်လမှာ ဆီပြတ်လပ်မှာ ဖြစ်ပါတယ်။
ဆီမရပါက လေကြောင်းခရီးစဉ်တွေ ဖျက်သိမ်းရဖွယ်ရှိတယ်လို့ IEA အမှုဆောင်ဒါရိုက်တာ ဘီရိုက အေပီသတင်းဌာနကို ပြောပါတယ်။
ဥရောပဟာ အရှေ့အလယ်ပိုင်းကနေ ဆီဝယ်ယူနေရတာဖြစ်ပြီး ဟော်မုဇ်ရေလက်ကြားကို အီရန်က ပိတ်ထားတဲ့တာ ၆ ပတ်ကြာပြီဖြစ်လို့ ဆီပြတ်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။
ရေနံသန့်စင်ရေး အဓိကလုပ်ကိုင်တဲ့ ကိုရီးယား၊ အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့ကလည်း အရှေ့အလယ်ပိုင်းက ရေနံတွေကို အဓိက မှီခိုနေရတာ ဖြစ်ပါတယ်။
ဥရောပဟာ လေယာဉ်ဆီအတွက် ၇၅ ရာခိုင်နှုန်းကို အရှေ့အလယ်ပိုင်းအပေါ် မှီခိုနေရတာ ဖြစ်ပါတယ်။
အခုအချိန်မှာ ဥရောပတိုက်ဟာ လေယာဉ်ဆီအတွက် အရှေ့အလယ်ပိုင်းကို မှီခိုမှာမဟုတ်ဘဲ တခြားနေရာတွေက ရရှိအောင် ကြိုးပမ်းဖွယ်ရှိပါတယ်။
အမေရိကန်၊ နိုင်ဂျီးရီးယားနိုင်ငံတို့ကနေ ရယူဖွယ်ရှိတယ်လို့လည်း လေ့လာသူတွေက ဆိုပါတယ်။
ဒါပေမဲ့ အရှေ့အလယ်ပိုင်းကနေရတဲ့ ဆီပမာဏရဲ့ တဝက်လောက်ပဲ အစားထိုးနိုင်မယ်လို့ ဆိုပါတယ်။
အရှေ့အလယ်ပိုင်းကနေ ရနေတဲ့ ဆီပမာဏရဲ့ ၅၀ ရာခိုင်နှုန်းကျော်ကို မဖြည့်တင်းနိုင်ဘူးဆိုရင် လေကြောင်းခရီးစဉ် ဖျက်သိမ်းရမှု အပါအဝင် ခရီးသည်လျှော့ချတာတွေ ဖြစ်လာနိုင်ပါတယ်။
အီရန်စစ်ပွဲမစခင်က လေယာဉ်ဆီ တတန်ကို ၈၃၁ ဒေါ်လာသာရှိခဲ့ပြီး ဧပြီလအစက လေယာဉ်ဆီ တတန်ကို ၁,၈၃၈ ဒေါ်လာအထိ စံချိန်တင် မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။
Source: Reuters










