
၃ နှစ်တာကာလအတွင်း အကျဉ်းထောင်အသီးသီးရှိ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူတွေအပေါ် စစ်အာဏာရှင်ရဲ့ မတရားဖိနှိပ်မှုနဲ့ ဥပဒေမဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ထောင်တွင်း ဆေးဝါးကုသခွင့် မလုံလောက်မှုနဲ့ သတ်ဖြတ်ခံရမှုတွေကြောင့် နိုင်ငံရေးအကျဉ်းသား ၂၂၀ ကျော် သေဆုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ဒီကနေ့ ဇွန် ၁ ရက်မှာ ထုတ်ပြန်ပါတယ်။
PPNM ကွန်ရက်အဖွဲ့ ထူထောင်ခဲ့တဲ့ ၃ နှစ်တာကာလအတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှု သတင်းထုတ်ပြန်ချက် ၁၁၀ ခု၊ ထောင်ပြောင်းရွှေ့မှုဆိုင်ရာ သတင်းထုတ်ပြန်ချက် ၁၅ ခုနဲ့ လွတ်မြောက်မှုဆိုင်ရာ သတင်းထုတ်ပြန်ချက် ၉ ခုတို့ကို ဖော်ထုတ်မှတ်တမ်းတင်ခဲ့နိုင်တယ်လို့ ဆိုပါတယ်။
အဆိုပါ မှတ်တမ်းတွေအရ အကျဉ်းထောင်တွေအတွင်း လုံလောက်တဲ့ ဆေးဝါးကုသစောင့်ရှောက်မှု မပေးတာ၊ ဆေးဝါးမရှိတာနဲ့ အချိန်နှောင့်နှေးခြင်းတို့ကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ၁၄၈ ယောက်အထိ ရှိခဲ့ပါတယ်။
ဒီလို ဆေးဝါးကုသခွင့် မလုံလောက်မှုကြောင့် ကျဆုံးခဲ့ရသူတွေထဲမှာ အမျိုးသား ၁၂၈ ယောက်၊ အမျိုးသမီး ၁၉ ယောက် နဲ့ LGBT တယောက်တို့ ပါဝင်နေတာ ဖြစ်ပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်တပ်နဲ့ အကျဉ်းဦးစီးဌာနတို့ရဲ့ ဥပဒေမဲ့ တိုက်ရိုက်သတ်ဖြတ်တာ ခံရတာကြောင့် ကျဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၇၅ ယောက်အထိ ရှိခဲ့ပြီး အဆိုပါ သတ်ဖြတ်ခံရသူတွေထဲမှာ အမျိုးသား ၇၄ ယောက်နဲ့ အမျိုးသမီးတယောက် ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် သဘာဝဘေးအန္တရာယ်ဖြစ်တဲ့ ငလျင်ဒဏ်ကြောင့် အကျဉ်းထောင်အတွင်း ကျဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၅၉ ယောက် ရှိခဲ့ပြီး သူတို့ထဲမှာ အမျိုးသား ၃၇ ယောက်နဲ့ အမျိုးသမီး ၂၂ ယောက် ပါဝင်ခဲ့တယ်လို့ PPNM က ထုတ်ပြန်ပြောပါတယ်။











