DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်း မြို့အချို့ ရေကြီးရေလျှံ
DVB
·
August 4, 2015
ဧရာဝတီတိုင်း မြို့အချို့ ရေကြီးရေလျှံ
Donate to DVB

ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ဧရာဝတီတိုင်း ဟင်္သာတ၊ ကြံခင်း၊ အိုင်သပြုနဲ့ ကံကြီးထောင့်မြို့နယ်တွေက ကျေးရွာတချို့တွေမှာ ရေကြီးရေလျှံမှုတွေ စတင်ဖြစ်ပွားနေပါတယ်။

ဟင်္သာတမြို့နယ်မှာဆိုရင် ရေကြီးရေလျှံမှုကြောင့် ကယ်ဆယ်ရေးစခန်း ၄ ခု ဖွင့်လှစ်ထားရပြီး လူပေါင်း ၁၄၀၀ နီးပါး လာရောက်ခိုလှုံနေကြတယ်လို့ ဧရာဝတီဘက်ကို ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုအောင်အောင်ကျော်က ပြောပါတယ်။

ဟင်္သာတမြို့နယ်မှာ ကျောက်ရဲ၊ တောင်ပို့တရာ၊ စိန်ပို့ အစရှိတဲ့ ကျေးရွာတွေမှာ ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားပြီး လူပေါင်း ၁၃၉၃ ဦး လာရောက်ခိုလှုံတယ်လို့ ပြောပါတယ်။

ကြံခင်းမြို့နယ်မှာလည်း ကယ်ဆယ်ရေးစခန်း ၄ ခု ဖွင့်လှစ်ထားပြီး လူပေါင်း ၁၃၈၁ ဦး ခိုလှုံတယ်လို့ ပြောပါတယ်။

“ကြံခင်းက ကယ်ဆယ်ရေးစခန်း ၁ မှာ ၃၁၈ ယောက်၊ ကယ်ဆယ်ရေးစခန်း ၂ မှာ ၃၅၁ ယောက်၊ ကယ်ဆယ်ရေးစခန်း ၃ မှာ ၂၉၁ ယောက်၊ ကယ်ဆယ်ရေးစခန်း ၄ မှာ ၄၂၁ ယောက် အားလုံးပေါင်း ၁၃၈၁ ယောက်ပါ။”

လေးမျက်နှာမြို့နယ် အိုင်သပြုကျေးရွာမှာလည်း လူပေါင်း ၃၀၀ နီးပါး နေထိုင်တဲ့နေရာမှာ ရေစတင် နစ်မြုပ်နေပြီလို့ ပြောပါတယ်။

ကံကြီးထောင့်မြို့ အနိမ့်ပိုင်းရပ်ကွက်ဖြစ်တဲ့ အောင်ချမ်းသာရပ်ကွက်မှာ  ဒီကနေ့ ရေတက်လို့ အိမ်အောက်ထပ်တွေ အားလုံးနစ်မြုပ်ကုန်ပြီး နက်ဖြန်မှာ ကယ်ဆယ်ရေးစခန်း ဖွင့်ရမယ့်အနေအထား ဖြစ်နေတယ်လို့လည်း သူကပြောပါတယ်။

ညောင်တုန်းဒေသခံတွေကို ဆက်သွယ်တဲ့အခါ ညောင်တုန်းရေကြီးမယ်လို့ သတင်းကြီးနေပေမယ့် ဒေသခံတွေက တာဖို့ကာကွယ်ထားတယ်လို့ ဖြေပါတယ်။

“ခုကတော့ အဲလိုပေါ့ ရေစိမ့်တဲ့နေရာတွေကို ဂန်တွေလိုက်ဖို့ရတာပေါ့။ ကျော်မယ်ထင်တဲ့ နေရာတွေကို သဲအိတ်တွေ လိုက်ဆင့်ရတာပေါ့။ စိုးရိမ်ရေမှတ်ကျော်နေတော့ စိုးရိမ်ရတာပေါ့။ ခုလက်ရှိမှာတော့ ရေကို ခုခံကာကွယ်ထားနိုင်တာပေါ့။ ညောင်တုန်းက မြေနိမ့်ပိုင်းမှာကျတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် မြစ်ကမ်းနဘေးဆိုတော့လေ။ မြစ်ရေကြီးတာနဲ့၊ အထက်က ရေဆင်းတာနဲ့၊ ဒီရေတက်တာနဲ့ ဆုံပြီးဖြစ်နေတာပေါ့” လို့ ပြောပါတယ်။ ညောင်တုန်းမှာ ရေဘေးစိုးရိမ်လို့ ရပ်ကွက်ဆယ်ခုလုံးမှာ ကယ်ဆယ်ရေးစခန်းတွေ စတင်ဖွင့်လှစ်ဖို့ ပြင်ဆင်နေကြပါတယ်။

အလားတူ သာပေါင်းမြို့နယ်နဲ့ ပန်းတနော်မြို့နယ်တွေမှာလည်း ဧရာဝတီမြစ်ရေတက်မှုကြောင့် ကျေးရွာတချို့ ရေကြီးရေလျှံမှုတွေ စတင်ဖြစ်ပေါ်နေပြီလို့ ဆိုပါတယ်။

ပုသိမ်မြို့ခံတဦးကို မေးမြန်းရာမှာ ရေတက်တယ်ဆိုပေမယ့် လွန်ခဲ့တဲ့ တမြန်နှစ်ကလောက် မတက်သေးဘူးလို့ ပြောပါတယ်။

သူက “ပုသိမ်မှာက အေးအေးဆေးဆေးပဲ။ မုန်တိုင်းရက်က ရေများတယ်။ ဒါပေမယ့် ရေမကြီးဘူး။ တနှစ်က တက်သလောက် လမ်းရေကျော်သလောက် မကျော်သေးဘူး။ ချောင်းရေပြည့်ရုံလောက်ပဲ ရှိသေးတယ်။ သတင်းက အပေါ်ကရေတွေဆင်းလာရင် ရေကြီးမယ်ဆိုပြီး လူတွေက နည်းနည်းတော့ လန့်နေတာပေါ့။ ရေကြီးရင် ပုသိမ်မြို့တော်ခန်းမရှေ့ကလမ်း မြုပ်သွားတယ်လေ။ အခုက မြို့တော်ခန်းမရှေ့က လမ်းဘေးတွေပဲ ရေရောက်သေးတယ်။ ရေထရက်တောင် မကျော်ဘူးဆိုတော့ အခု ရေသေရက်က ပိုမကျော်ဘူးပေါ့။ ဒါပေမယ့် နောက်ရက်တွေ ပြောလို့မရဘူးနော်” လို့ ပြောပါတယ်။

မိုးလေ၀သပညာရှင် ဒေါက်တာဦးထွန်းလွင်ရဲ့ ဒီကနေ့မနက် အရုဏ်မတက်မီ  ထုတ်ပြန်ချက်မှာ ‘မြစ်ဝကျွန်းပေါ်ဒေသမှာ ရေဖုံးလွှမ်းခံရမှု အများဆုံးဖြစ်နေပါပြီ။’ လို့ ပါရှိပါတယ်။

ရေဖုံးလွှမ်းမှုအန္တရာယ် ဆက်လက်မြင့်မားနေတဲ့ မြို့တွေကတော့ သထုံ၊ ခန္တီး၊ သာယာဝတီ၊ ဟင်္သာတ၊ ပုသိမ်၊ မအူပင်၊ ပဲခူး၊ ရန်ကုန်(မင်္ဂင်္လာဒုံ)၊ ကျောက်ဖြူတို့ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

ကချင်ပြည်နယ် မြောက်ဖျားစွန်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့ မြောက်ပိုင်း၊ ရခိုင်ပြည်နယ်တောင်ပိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း အရှေ့တောင်ပိုင်း၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်မြောက်ပိုင်းတွေမှာတော့ လွန်ခဲ့တဲ့ ၂၄ နာရီက မိုးကောင်းခဲ့တယ်လို့ ဆိုပါတယ်။

၈၈ မျိုးဆက် (ငြိမ်းပွင့်) က ကိုအောင်အောင်ကျော်ကတော့ လာမယ့်ရက်ပိုင်းအတွင်း ဧရာဝတီတိုင်းတခုလုံး ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နိုင်ခြေအပေါ် ကြိုတင်ပြင်ဆင်သင့်တယ်လို့ ပြောပါတယ်။

“ဧရာဝတီက ဆန်စပါးအများကြီးထွက်တဲ့ အခါကျတော့ အဲဒီမှာရှိတဲ့ လယ်ယာမြေတွေက ရေနစ်မြုပ်ရင် ဧရာဝတီရဲ့ထုံးစံက အနည်းဆုံး တလခွဲနှစ်လ အဲလောက်လောက်ကြာအောင် နစ်မြုပ်တာဖြစ်တဲ့အခါကျတော့ ရေတွေပြန်ကျဖို့ခက်ရင်းနဲ့ နေရာတွေ ဖြစ်နေတယ်ပေါ့နော်။ အဲတော့ သူတို့ရဲ့ ပြန်လည်ထူထောင်ရေးက ပိုပြီးအရေးကြီးတယ်။ ကြိုတင်ပြင်ဆင်တာ၊ ကြိုတင်ကာကွယ်တာက တပိုင်းပေါ့။ ရေနစ်မြုပ်မှုတွေ ဖြစ်ပေါ်လာတယ်ဆိုရင်တော့ ပြန်လည်ထူထောင်ရေးနဲ့ ပတ်သက်လို့ ဆန်စပါးတွေ၊ မျိုးစပါးတွေ အခုကတည်းက ကြိုတင်ပြင်ဆင်ထားသင့်တဲ့ဟာလို့ ကျနော်မြင်ပါတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013