
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်(တောင်)ခြေရင်းက စေတီရင်းရွာကို စက်တင်ဘာ ၁၃ ရက် မွန်းတည့် ၁၂ နာရီကျော်လောက်မှာ စစ်အာဏာရှင်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတဲ့အတွက် အမျိုးသမီးတယောက် အပါအဝင် ၂ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံအမျိုးသားတယောက်က “အဓိက ချခဲ့တာက တံတားပတ်ဝန်းကျင်ကို ချတယ်။ တံတားထိပ်နားနဲ့ အိမ်ကြားမှာ တလုံးကျတယ်။ ချောင်းထဲ တလုံးကျသွားတယ်” လို့ ပြောပါတယ်။
ဗုံးထိတာကြောင့် စေတီရင်းရွာက ဒေါ်စိုးစိုး (၃၇ နှစ်) နဲ့ ရသေ့တောင်မြို့နယ် လေးကန်ရွာက အမျိုးသားတယောက်တို့ နေရာမှာတင် သေဆုံးခဲ့ပြီး စေတီရင်းရွာက ဒေါ်ဦးကျော့စိန်၊ အသက် ၉ နှစ်အရွယ် မဖြူထွေးနဲ့ ရသေ့တောင်မြို့နယ်က ဦးအောင်ဝင်းမောင်တို့ ဒဏ်ရာကိုယ်စီ ရရှိသွားတယ်လို့ သိရပါတယ်။
ပုဏ္ဏားကျွန်းဒေသခံတယောက်က “စစ်တွေဘက်ကပစ်တဲ့ လက်နက်ကြီးကျည်၊ နေဗီကပစ်တဲ့ လက်နက်ကြီးကျည်တွေ နေ့စဉ်လိုလို ကျရောက်နေတယ်။ ဒရုန်းကလည်းတိုက်တယ်။ အမြဲ သတိထား နေနေရတယ်” လို့ ပြောပါတယ်။
စက်တင်ဘာ ၁၁ ရက် ညပိုင်းကလည်း ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာကို အသေခံဒရုန်းနဲ့ စစ်တပ်က တိုက်ခိုက်လို့ အသက် ၆၀ ကျော်အရွယ် အမျိုးသမီးတယောက် သေဆုံးခဲ့ပါတယ်။
စစ်တွေနဲ့ ပုဏ္ဏားကျွန်းဝန်းကျင်မှာ စစ်တပ်နဲ့ အာရက္ခတပ်တော်တို့ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စက်တင်ဘာ ၁၂ ရက်ကလည်း ဂျက်ဖိုက်တာ ၃ စင်းနဲ့ စစ်တွေမြို့နယ် ဝါဘိုနဲ့ မင်းလှကျေးရွာ၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စက်တင်ဘာ ၁၃ ရက်မှာလည်း ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ကို ဗုံးကြဲခဲ့ပါတယ်။
ရခိုင်ပြည်နယ် မြေပုံမြို့နယ် နှာခေါင်းပေါက်မြစ်ထဲမှာ ငါးဖမ်းနေတဲ့ အမျိုးသားတယောက်ကို စစ်အာဏာရှင်ရေတပ်က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက် မနက်ပိုင်းက မြေပုံမြို့နယ် နှာခေါင်းပေါက်မြစ်ထဲမှာ ဆွဲပိုက်ချနေတဲ့ ကျွန်းသာယာကျေးရွာက အသက် ၄၇ နှစ်အရွယ် ဦးမြင့်ထွန်းဝင်းကို င/ပသုန် ကျေးရွာအနီးမှာ ဖမ်းဆီးခဲ့တာလို့ မြေပုံဒေသခံ အမျိုးသားတယောက်က DVB ကို ပြောပါတယ်။
“ပိုက်ချနေတဲ့အချိန်မှာ စစ်ကောင်စီနေဗီက တွေ့သွားတယ်။ စစ်ကောင်စီဘက်က စစ်ဆေးဖို့ လှမ်းခေါ်တော့ ကြောက်လို့ စက်လှေနဲ့ ထွက်ပြေးတယ်။ ဒါပေမဲ့ စစ်ကောင်စီဘက်က စပိဘုတ်နဲ့ လိုက်ဖမ်းတော့ ဖမ်းမိသွားတယ်။ နေဗီတွေက ပင်လယ်ပြင်မှာ အမြဲတမ်းရှိတယ်။ အရင်ကလည်း မကြာမကြာ အဖမ်းခံရတယ်။ မြေပုံကျွန်းသာယာဘက် နောင်တော်ကြီး၊ နောင်တော်ချေဘက်မှာ အရင်က စစ်တပ်ရေတပ်စခန်းတွေ ရှိခဲ့တယ်။”
နောင်တော်ကြီး၊ နောင်တော်ချေ၊ ကျွန်းသာယာ၊ ပြင်ဝန်းကမ်းခြေနဲ့ မနီးမဝေးနေရာမှာ စစ်အာဏာရှင်ရေတပ်က အမြဲလို ရပ်နားလေ့ရှိပြီး ဒေသခံ ငါးဖမ်းစက်လှေနဲ့ ခရီးသွား စက်လှေတွေကို ဖမ်းဆီး ပစ်ခတ်လေ့ရှိတယ်လို့ ဆိုပါတယ်။
ကျောက်ဖြူ၊ စစ်တွေ၊ ပေါက်တော၊ မြေပုံ၊ သံတွဲ၊ ရမ်းဗြဲ စတဲ့ ပင်လယ်တလျှောက်မှာ စစ်အာဏာရှင်ရေတပ်က အရင်ကထက် ပိုမိုလှုပ်ရှားနေတဲ့အတွက် ပင်လယ်ပြင်ကို အမှီပြုပြီး ဝမ်းစာရှာဖွေနေရတဲ့ ငါးဖမ်းသမားတွေ အခက်အခဲ ဖြစ်နေကြရတယ်လို့ ပေါက်တောဒေသခံ ငါးဖမ်းလုပ်သားတယောက်က ပြောပါတယ်။
“ပေါက်တောမှာက ပင်လယ်နဲ့အရမ်းနီးတဲ့ ကျွန်းတွေရှိတယ်။ အဲဒီကျွန်းနားတွေ တကယ်ငါးဖမ်းလို့ရတဲ့ နေရာတွေဆို နေဗီတွေ အမြဲလိုလိုရှိလို့ ငါးဖမ်းမထွက်ရဲဘူး။ အရင်ကလည်း မကြာမကြာ အဖမ်းခံရတယ်။ တချို့ကို ကျောက်ဖြူပို့တယ်၊ တချို့ကို စစ်တွေကိုပို့တယ်။"











