DVB Logo
Home
မြန်မာသတင်း
ပန်းတောင်းမြို့ တမြို့လုံးနီးပါးနှင့် ၀န်းကျင်ကျေးရွာ ၃၀ ကျော် ရေမြုပ် (သတင်းဓာတ်ပုံ)
DVB
·
August 3, 2015
ပန်းတောင်းမြို့ တမြို့လုံးနီးပါးနှင့် ၀န်းကျင်ကျေးရွာ ၃၀ ကျော် ရေမြုပ် (သတင်းဓာတ်ပုံ)
1 / 6
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်မှာ တမြို့လုံးနီးနီး ရေမြုပ်လျက်ရှိသလို ပတ်ဝန်းကျင် ကျေးရွာပေါင်း ၃၀ ကျော်လည်း ရေနစ်မြုပ်နေပါတယ်။

ဧရာဝတီမြစ်ရေ တိုးလာတာကြောင့် မြစ်အတွင်းက ရေတွေ လျှံတက်လာပြီး ပန်းတောင်းမြို့နယ် ဆင်တဲကျေးရွာကနေ ဆင်တဲ-ပန်းတောင်း ကားလမ်းနံဘေး ကျေးရွာတွေ အားလုံးနဲ့ ပန်းတောင်းမြို့ပေါ်ရပ်ကွက် ၅ ရပ်ကွက်က အိမ်အားလုံးနီးပါးအပြင် အစိုးရ ရုံးဌာနတွေနဲ့ ဆေးရုံတို့မှာ ရေနစ်မြုပ်ပြီး ရေဘေးသင့်ပြည်သူတွေက ပြည်-တောင်ကုတ်  ကားလမ်းမပေါ်မှာ ယာယီတဲထိုးပြီး နေနေရပါတယ်။

ဆေးရုံလည်း ရေနစ်နေတာကြောင့် လူနာတွေကို  ဆုတောင်းပြည့်ဓမ္မာရုံမှာ ပြောင်းပြီး ကုသပေးနေတယ်လို့ ဆေးရုံအနီးရှိ ဒေသခံတဦးက ပြောပါတယ်။

“ကျနော်တို့ ဒီမှာ ရေကြီးတာ နှစ်စဉ်လိုလို ဖြစ်တတ်ပေမယ့် အခုလို ရေကြီးတာမျိုးက ၂၀၀၄-ခုနှစ်က တကြိမ်၊ ၂၀၀၇ ခုနှစ်ကတကြိမ် ဖြစ်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်ကလည်း ရေတက်ခဲ့တယ်။ ဒါပေမယ့် အခုနှစ် ရေက အရင်ရေထက် ပိုတယ်။ ကျနော်တို့ အနိမ့်ပိုင်းတွေက ၁၀ ရက်လောက်ရှိပြီ။ ဒါပေမယ့် အဆိုးဆုံးဖြစ်တာကတော့ ၄ ရက်ပဲ ရှိသေးတယ်။ ကျနော်တို့ရပ်ကွက်မှာ အိမ်ထောင်စုက ၂၁၅ စုနဲ့ ကမ်းနားက အိမ်ထောင်စုတွေနဲ့ဆိုရင် အခု ဒီနေရာမှာတင် ၃၆၅ အိမ်ထောင်ရှိတယ်။ လူဦးရေအနေနဲ့ ကျနော်တို့ ဒီနေရာတင် ၇၇၀ ရှိတယ်။"

"ကျနော်တို့ ပန်းတောင်းမြို့မှာက ဖောင်းကန်ရပ်ကွက်၊  စည်သာရပ်ကွက်၊ တပ်ကုန်းရပ်ကွက်၊ ၀န်လိုရပ်ကွက်ဆိုပြီး မြို့ပေါ်ရပ်ကွက် ၅ ရပ်ကွက်ရှိတယ်။ အခု ဒီမှာ ရေနစ်နေတာက ဆင်တဲ-ပန်းတောင်း လမ်းတလျှောက်နဲ့ မြစ်ကမ်းခြေရွာတွေကောဆိုရင် ရွာပေါင်း ၃၀ ကျော်ရှိမယ်။ အဓိက လိုအပ်နေတာတွေက ရေတို့၊ ဆန်၊ ဆီတို့ပေါ့။ ဒီရပ်ကွက်ကလူတွေက လက်လုပ်လက်စားတွေ များတယ်လေ။ ကျန်းမာရေးအတွက်ကတော့ ကျနော်တို့ ဒီနေရာကပဲ ဆေးဝါးတွေ ဆောင်ထားပေးပါတယ်။” လို့ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ ပန်းတောင်းမြို့ ဖြူစင်မေတ္တာ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကိုကိုထွေးက ပြောပါတယ်။

အခုလို  ကားလမ်းနံဘေးမှာ ယာယီတဲအိမ်ထိုးပြီး နေတာဟာ သူတို့ရဲ့ အိမ်တွေမှာ ကျန်ခဲ့တဲ့ ပစ္စည်းကို စိတ်မချနိုင်တာရယ်၊ တိရစ္ဆာန်တွေ မွေးထားတာရယ်ကြောင့် ကယ်ဆယ်ရေးစခန်းဖွင့်သည့်တိုင် သွားရောက်မနေနိုင်ဘူးလို့ ကားလမ်းနံဘေးမှာ ယာယီတဲထိုးပြီး နေထိုင်သူ တဦးကလည်း ပြောပါတယ်။

သတင်းဓာတ်ပုံ - ကိုမင်းညို

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013