
ထိုင်းမြောက်ပိုင်း ချင်းမိုင်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ခရီးသည်တဦးဆီကနေ ကော်သူးလေ အမျိုးသားမှတ်ပုံတင် ၁၂၂၅ ခု သိမ်းဆည်းရမိတယ်လို့ ထိုင်းအကောက်ခွန်ဦးစီးဌာန လူမှုကွန်ရက်မှာ ရေးသားဖော်ပြပါတယ်။
ချင်းမိုင်လေဆိပ် အကောက်ခွန်စီးဌာန ဝန်ထမ်းတွေဟာ ပြီးခဲ့တဲ့ ဇွန် ၁၃ ရက်က အမေရိကန်နိုင်ငံမှ ဝင်ရောက်လာတဲ့ ခရီးသည်တဦးရဲ့ အိတ်ကို မသင်္ကာတာကြောင့် စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုတယ်။
စစ်ဆေးမှုရလဒ်အရ အဆိုပါခရီးသည်ရဲ့ အိတ် ၂ လုံးထဲကနေ ကော်သူးလေအမျိုးသားမှတ်ပုံတင် စာသားပါ ပလတ်စတစ်လောင်း မှတ်ပုံတင် ၁၂၂၅ ခုကို တွေ့ရှိခဲ့တယ်၊ အဆိုပါ မှတ်ပုံတင်တွေဟာ အမေရိကန်နိုင်ငံမှာ ထုတ်လုပ်ပြီး တန်ဖိုးအားဖြင့် ၆၀,၂၁၄ ဘတ်ရှိတယ်လို့ ဆိုပါတယ်။
ဒီလုပ်ဆောင်ချက်ဟာ အကောက်ခွန်စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းတွေကို ကျော်လွန်ပြီး နိုင်ငံထဲကို တရားမဝင် ခိုးထုတ်/ ခိုးသွင်းခြင်း ဖြစ်တယ်။ ဒါကြောင့် ခရစ်သက္ကရာဇ် ၂၀၁၇ မှာ ပြဋ္ဌာန်းတဲ့ အကောက်ခွန်အက်ဥပဒေပါ ပုဒ်မ ၁၆၆၊ ပုဒ်မ ၂၅၂ တို့နဲ့ တွဲဖက်ထားတဲ့ ပုဒ်မ ၂၄၂ ကို ချိုးဖောက်ရာရောက်တယ်လို့ ဖော်ပြထားပါတယ်။
ကော်သူးလေအမျိုးသားမှတ်ပုံတင်ဟာ ဒီ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၅ ရက်နေ့က KTLA ကရင်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ခေါင်းဆောင် စောနယ်ဒါးမြက ကော်သူးလေအစိုးရနဲ့ ကော်သူးလေသမ္မတနိုင်ငံတော် တည်ထောင်လိုက်ကြောင်း ကြေညာအပြီး ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
အဆိုပါ မှတ်ပုံတင်ဟာ KTLA ထိန်းချုပ်နယ်မြေတွင်းသာ အကျုံးဝင်ပြီး ထိန်းချုပ်နယ်မြေဟာလည်း မြဝတီနဲ့ ကော့ကရိတ်မြို့နယ်တွင်းသာ ရှိတာကြောင့် အခြားဘယ်နေရာမှ သုံးလို့မရဘူးလို့ ကရင်တိုင်းရင်းသားတယောက်က DVB ကို ပြောပါတယ်။
Source: The Customs Department










