
ရခိုင်ပြည်နယ်အတွင်းက အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ ရာဇဝတ်မှုတွေဖြစ်တဲ့ လူသတ်မှု၊ မုဒိမ်းမှုနဲ့ သက်ငယ်မုဒိမ်းမှု ကျူးလွန်သူ တယောက်မှ မလွတ်စေရဆိုတဲ့ မူဝါဒကို ချမှတ်ပြီး မှုခင်းလျော့ကျစေရေးကို ဆောက်ရွက်နေတယ်လို့ အာရက္ခတပ်တော်ရဲ့ ရဲတပ်ဖွဲ့ဖြစ်တဲ့ ဒီလပ်တပ်ဖွဲ့က ဩဂုတ် ၆ ရက်မှာ ပြောပါတယ်။
AA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ မုဒိမ်းမှု၊ သက်ငယ်မုဒိမ်းမှုနဲ့ လုယက်လူသတ်မှုတွေဟာ လတိုင်းနီးပါး ရှိလာနေတာကြောင့် ဒေသခံပြည်သူတွေအကြား တရားဥပဒေစိုးမိုးမှုနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ပြင်းထန်လာပြီးနောက် အာရက္ခတပ်တော်ဟာ လူသတ်၊ မုဒိမ်းမှု ကျူးလွန်သူတချို့ကို အမြင့်ဆုံးပြစ်ဒဏ်ဖြစ်တဲ့ သေဒဏ်ချမှတ်တာ၊ ထောင်ဒဏ် နှစ် ၂၀ ချမှတ်တာနဲ့ ထွက်ပြေးလွတ်မြောက်နေတဲ့ တရားခံတွေကို ဆက်တိုက် ဖမ်းဆီးနေတာလည်း ဖြစ်ပါတယ်။
ဩဂုတ် ၅ ရက်က ပုဏ္ဏားကျွန်းမြို့နယ်က အမျိုးသမီးငယ်တယောက်ကို လက်ထိတ်ခတ်ပြီး လူသတ်၊ မုဒိမ်းမှု ကျူးလွန်သူ အဓိက တရားခံတယောက်ကို မသေမချင်း ကြိုးကွင်းစွပ် သေဒဏ်ချမှတ်ခဲ့သလို တခြား ပါဝင်သူ တရားခံ ၂ ယောက်ကိုလည်း ထောင်ဒဏ် နှစ် ၂၀ စီ ချမှတ်လိုက်တာ ဖြစ်ပါတယ်။
ဒါ့အပြင် ဇူလိုင် ၂၆ ရက်ကလည်း ပုဏ္ဏားကျွန်းမြို့မှာ စစ်ရှောင်အမျိုးသမီးတယောက်ကို မုဒိမ်းကျင့်ပြီး ထောင်ဖောက် ထွက်ပြေးသွားတဲ့ တရားခံတယောက်နဲ့ ဇူလိုင် ၂၉ ရက်ကလည်း ကျောက်တော်မြို့နယ်က အသက်မပြည့်သေးတဲ့ မိန်းကလေးငယ် ၂ ယောက်ကို သက်ငယ်မုဒိမ်းမှု ကျူးလွန်ခဲ့တဲ့ အမျိုးသားတယောက်တို့ကို ဒီလပ်တပ်ဖွဲ့က ဆက်တိုက် ဖမ်းဆီးခဲ့တာလည်း ဖြစ်ပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ် အောင်ဆိပ်ကျေးရွာက အမျိုးသမီးငယ်အမှုမှာ တရားခံတွေကို ပြစ်ဒဏ်ချမှတ်မှုနဲ့ မုဒိမ်းမှု တရားခံတွေကို ဆက်တိုက်ဖမ်းဆီးလာမှုတွေဟာ ပြည်သူတွေ အာရကျေနပ်မှုရှိစေပြီး လက်ရှိဖမ်းဆီးထားတဲ့ သူတွေကိုလည်း ထိရောက်တဲ့ ပြစ်ဒဏ်တွေ ချမှတ်စေချင်တယ်လို့ ပုဏ္ဏားကျွန်းမြို့နယ်က အမျိုးသမီးငယ်တယောက်က ပြောပါတယ်။
“အောင်ဆိပ်ကျေးရွာက အမျိုးသမီးငယ်တယောက်အတွက် သေဒဏ်ချမှတ်တာကို ကျမတို့က သဘောကျတယ်။ လူ့အသိုင်းအဝန်းအတွက် အန္တရာယ်ရှိတဲ့လူတွေကို လူ့အသိုင်းအဝန်းမှာ မထားသင့်ဘူး။ ကူညီသူ ၂ ဦးကိုလည်း လွတ်ငြိမ်းတွေမပေးဘဲ ရက်စေ့တဲ့အထိ ထောင်ဒဏ်တွေ ချမှတ်ထားစေချင်တယ်။ နောက် မုဒိမ်းမှုတွေအတွက်လည်း တရားခံတွေကို ညှာတာမှုမရှိဘဲ ဥပဒေအတိုင်း အပြင်းထန်ဆုံး ပြစ်ဒဏ်တွေကို ချမှတ်စေချင်တယ်။ ခုရက်ပိုင်းမှာ မုဒိမ်းမှု တရားခံတွေကို ဆက်တိုက် ဖမ်းဆီးလာတာတွေ တွေ့ရတော့ လူ့အသိုင်းအဝန်းအတွက် အန္တရာယ်တွေ လျော့နည်းလာသလို ခံစားရတယ်။”
ရခိုင်ပြည်နယ်က မြို့နယ်တွေမှာ မုဒိမ်းမှုတွေ လတိုင်းနီးပါး ဖြစ်ပွားနေပြီး အမှုဖြစ်ပွားမှု မြင့်တက်လာနေတဲ့အတွက် အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေအတွက် လွတ်လပ်စွာ သွားလာမှုအပေါ် အကြီးမားဆုံး စိန်ခေါ်မှုတွေ ဖြစ်လာနေတာပါ။
ဩဂုတ် ၁ ရက်ကလည်း သံတွဲမြို့နယ် ညောင်ပင်ကွင်းကျေးရွာမှာ အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်တယောက်ကို မုဒိမ်းကျင့်ဖို့ ကြံစည်တဲ့ အမျိုးသားတယောက်ကို ဒီလပ်တပ်ဖွဲ့က ဖမ်းဆီးခဲ့ပေမဲ့ အာမခံနဲ့ ပြန်လွှတ်ပေးထားတာကြောင့် ဒေသတွင်း ဝေဖန်မှုတွေ ပြင်းပြင်းထန်ထန် မြင့်တက်နေပါတယ်။
ရခိုင်ပြည်နယ်မှာ မုဒိမ်းမှုတွေ ဆက်တိုက်မြင့်တက်လာနေတဲ့အတွက် အမျိုးသမီးတွေအနေနဲ့ တယောက်တည်း ခရီးသွားလာတာတွေမှာ စိုးရိမ်နေကြသလို အပြင်သွားလာတာတွေကိုလည်း မိဘအုပ်ထိန်းသူတွေရဲ့ ကန့်သတ်မှုတွေ ခံနေကြရတယ်လို့ မြောက်ဦးမြို့က အမျိုးသမီးငယ် တယောက်က ပြောပါတယ်။
“ရခိုင်ပြည်က မြို့နယ်တိုင်းမှာ မုဒိမ်းမှုတွေ၊ လူသတ်မှုတွေ ဖြစ်လာတော့ ကျမတို့ အမျိုးသမီးတွေအတွက် ဘယ်လိုမှ လုံခြုံမှုရှိတယ်လို့ မခံစားရတော့ဘူး။ အရာရာကို သံသယစိတ်တွေနဲ့ ဖြတ်သန်းနေကြရတော့တယ်။ အလုပ်ခရီးတွေ သွားရင်လည်း တဦးတည်း မသွားရဲတော့ဘူး။ အပြင်တွေ သွားမယ်ဆိုရင်လည်း လုံခြုံစိတ်ချရသူတွေနဲ့မှ သွားရတော့တယ်။ မိဘ အုပ်ထိန်းတွေကလည်း သမီး မိန်းကလေတွေ၊ ကလေးတွေဆို မလွှတ်ရဲတော့ဘူး။ ကျမတို့ကတော့ လုံခြုံအေးချမ်းတဲ့ လူ့အသိုင်းအဝန်း ပုံစံနဲ့ပဲ ဖြတ်သန်းချင်တယ်။”
ရခိုင်ပြည်နယ်က မုဒိမ်းမှု ကျူးလွန်သူတွေကို သေဒဏ်ချမှတ်ပေးဖို့အထိ ပြည်သူတွေနဲ့ အမျိုးသမီးတွေက တောင်းဆိုမှုတွေ ပြုလုပ်နေပြီး ရခိုင်ပြည်နယ်အတွင်း ထွက်ပြေး လွတ်မြောက်နေကြသေးတဲ့ မုဒိမ်းမှု တရားခံတချို့လည်း ရှိနေပါသေးတယ်။
ဒီလပ်တပ်ဖွဲ့အနေနဲ့ ရာဇဝတ်မှုဟူသမျှ အလွတ်ပေးသွားမှာမဟုတ်ဘဲ ကျူးလွန်တဲ့ ပြစ်မှုအတိုင်း ညီမျှတဲ့ ပြစ်ဒဏ်တွေကို ချမှတ်သွားမယ်လို့ ဒီလပ်တပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
“ဒီလပ် အနေနဲ့တော့ ရာဇဝတ်မှုဟူသမျှကို ဥပဒေအတိုင်း ကိုင်တွယ်သွားမှာဖြစ်တယ်။ ရာဇဝတ်မှု ကျူးလွန်သူ ဘယ်သူ့မှ မလွတ်စေရဘူး။ ပြစ်မှုနဲ့ ပြစ်ဒဏ် ညီမျှအောင် ဆောင်ရွက်ပြီး ပြည်သူ့လုံခြုံရေးကို ဦးစားပေး ဆောင်ရွက်သွားမှာ။”
လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း ရာဇဝတ်မှု ကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေတဲ့ ရာဇဝတ်တရားခံတွေကိုလည်း ဖမ်းဆီးရရှိနိုင်ရေးအတွက် အထူးဂရုပြုပြီး ဆောင်ရွက်နေတယ်လို့လည်း ဒီလပ်ရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
ရခိုင်ပြည်နယ်က မြို့နယ် ၁၄ ခုနဲ့ ချင်းပြည်နယ်က ပလက်ဝမြို့နယ်တို့ကို အာရက္ခတပ်တော်က ထိန်းချုပ်ထားတာဖြစ်ပြီး အဲဒီမြို့နယ်တွေမှာ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ဒေသဖွံ့ဖြိုးရေးတွေကို အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရက လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။
Photo: APM










