
ထိုင်းနိုင်ငံ၊ ဘန်ကောက်၊ မင်ဘူရီနယ်မြေထဲမှာ ၇ နှစ်အရွယ် သမီးအရင်းဖြစ်သူကို လည်ပင်း ညှစ်သတ်မှုနဲ့ မြန်မာမိခင်တယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ဧပြီ ၁ ရက်က မင်ဘူရီနယ်မြေ၊ ရမ်ခမ်းဟိုင် ၁၉၀ လမ်းထဲမှာ သေဆုံးနေတဲ့ မိန်းကလေး အလောင်းကို တွေ့ရှိပြီးတဲ့နောက် တာဝန်ရှိသူတွေက သံသယအရှိဆုံးဖြစ်တဲ့ အသက် ၃၄ နှစ်အရွယ် မျိုးပပထွန်းကို လိုက်လံစုံစမ်းရှာဖွေခဲ့ပါတယ်။
အဲဒီနောက် ချွန်းပူးရီးခရိုင်၊ ဘန်လမွန်းမြို့နယ်၊ ကော်လန်းကျွန်းပေါ်မှာ တိမ်းရှောင်နေကြောင်း သတင်းရတာကြောင့် ဧပြီ ၂ ရက်က မင်ဘူရီခရိုင်တရားရုံး ဖမ်းဝရမ်းစာနဲ့အတူ ရီဆောတ် ပန်းခြံဟိုတယ်ဝင်းတခုတွင်းရှိ အဆောင်ထဲမှာ ဖမ်းဆီးရမိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
သူဟာ သမီးကို လုပ်ကြံခဲ့သူဖြစ်ကြောင်း ဝန်ခံခဲ့တယ်၊ ဒီမတိုင်ခင်က သူ့ဘဝမှာ ဘာတခုမှ အဆင်မပြေ စိတ်ညစ်စရာတွေနဲ့ချည်း ကြုံတွေ့နေရတာကြောင့် လူ့ဘဝမှာ မနေလိုတော့တာကြောင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ ကြံရွယ်တယ်၊ သမီးကိုလည်း မထားခဲ့ချင်တာကြောင့် ၂ ယောက်အတူသေမယ်၊ သမီးကို အရင်သတ်ပြီး မိမိအလှည့်ရောက်တော့ စိတ်မနိုင်တော့ဘူး၊ လုပ်ကြံမှုမအောင်မြင်ဘဲ ထွက်ပြေးခဲ့တယ်လို့ ဝန်ခံထားပါတယ်။
မိန်းကလေးအမေဟာ ဒီမတိုင်ခင် ရှေ့က ဘရူနိုင်းမှာ အလုပ်သွားလုပ်ပြီး ထိုင်းကိုပြန်လာတာ ရက်ပိုင်းလောက်ပဲ ရှိသေးတယ်၊ သမီးကတော့ အဘွားနဲ့အတူနေပြီး ထိုင်းကျောင်းတက်နေတာ၊ နွေရာသီ ကျောင်းပိတ်ရက်မို့ ကလေးက အိမ်မှာ အနေများတယ်၊ အဲဒီနေ့ကလည်း မြေးကလေးက အမေနဲ့အတူ ရှိနေတယ်၊ သေဆုံးနေတဲ့ မြေးအလောင်းကိုတွေ့ပြီး သူ့အမေလည်း ပျောက်သွားလို့ ရဲစခန်းမှာ သွားတိုင်တာလို့ သေဆုံးသူ မိန်းကလေးရဲ့ အဘွားက သတင်းထောက်တွေကို ပြောပါတယ်။
ရဲတွေက လာစစ်တော့ ကလေးမရဲ့ ခန္ဓာကိုယ်မှာ ညိုမည်းရာတွေရှိပြီး လည်ပင်းမှာလည်း ကြိုးချည်တဲ့အရာ တွေ့တယ်၊ အနီးနားမှာ သောက်ရေသန့်ဘူး ထည့်ထားတဲ့အိတ်နဲ့ တွဲပြီး ချည်ထားတဲ့ ကြိုးတချောင်းရှိတယ်၊ မိန်းကလေးရဲ့ လည်ပင်းကို ကြိုးတုပ်ရာမှာ အလေးချိန်ရှိအောင် သောက်ရေဘူးအိတ်နဲ့ တွဲချည်တာဖြစ်မယ်လို့ ရဲစခန်းက သုံးသပ်ပါတယ်။
လောလောဆယ် မိန်းကလေးရဲ့မိခင်ကို မင်ဘူရီရဲစခန်းကို ပြန်ခေါ်လာပြီး တမင်ရည်ရွယ်လူသတ်မှုနဲ့ တရားစွဲ ဆိုထားတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
Source: CH7 HD News / KhaoSod










