
ဟေတီနိုင်ငံမှာ လက်နက်ကိုင် ရာဇဝတ်ဂိုဏ်းတွေရဲ့ ချုံခိုတိုက်ခိုက်မှုကြောင့် ပို့အော်ပရင့်စ်မြို့အနီး နိုင်ငံတကာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ သံချပ်ကာယာဉ် မီးလောင်သွားလို့ ထွက်ပြေးခဲ့ကြရပြီးနောက် ဆာလ်ဗေဒိုစစ်သည် ၄ ယောက် ပျောက်ဆုံးနေတယ်လို့ တာဝန်ရှိသူတွေက အောက်တိုဘာ ၁၉ ရက် မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို တင်ပြခဲ့ပါတယ်။
ဂိုဏ်းတွေက သံချပ်ကာယာဉ်ကို ဖောက်ခွဲရေးပစ္စည်းတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် မီးလောင် သွားခဲ့ပြီး အယ်လ်ဆာဗေဒို လေတပ်က တပ်ဖွဲ့ဝင် ၄ ယောက် ကားပေါ်ကနေ ခုန်ဆင်းခဲ့ကြ ရတယ်လို့ အယ်လ်ဆာဗေဒို စစ်ဘက်က ပြောပါတယ်။
စစ်သည်တွေနဲ့ အဆက်အသွယ် ပြတ်တောက်သွားခဲ့ပြီး အဲဒီနေရာကို ကယ်ထုတ်ဖို့ ကြိုးစားခဲ့တဲ့ အယ်လ်ဆာဗေဒို ရဟတ်ယာဉ်တွေလည်း ပစ်ခတ်ခံခဲ့ရတယ်လို့ အယ်လ်ဆာဗေဒို စစ်ဘက်က ဆိုပါတယ်။
တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ အီဂေါ ရပ်ဂ်ဝီဇာ ကတော့ ပြင်းထန်တဲ့ တိုက်ပွဲတွေကြားမှာ အဲဒီလူ ၄ ယောက်ကို ဆက်လက်ရှာဖွေနေကြောင်း ရိုက်တာသတင်းဌာနကို ပြောပါတယ်။
“အဲဒီနေရာကို မြေပြင်ကရော၊ လေကြောင်းကပါ ရောက်ရှိဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ကြပေမဲ့ တိုက်ပွဲပြင်းထန်မှုနဲ့ လုံခြုံရေး အခြေအနေတွေကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်” လို့ အယ်လ်ဆာဗေဒို လက်နက်ကိုင်တပ်ဖွဲ့တွေက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နယူးယောက်မြို့မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ စတီဖန် ဒူဂျာရစ်က ဒီတိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချခဲ့ပြီး စစ်သည်တွေ အမြန်ဆုံးနဲ့ လုံလုံခြုံခြုံ ပြန်လွတ်လာဖို့ တောင်းဆိုခဲ့ပါတယ်။
ပို့အော်ပရင့်စ်မြို့ရဲ့ အရှေ့မြောက်ဘက်စွန်းက ဆန်တိုရွာအနီးမှာ ချန်းမက်ခန်နဲ့ 400 မာဝိုဇို လက်နက်ကိုင် ရာဇဝတ်ဂိုဏ်းတွေက နယ်မြေစိုးမိုးထားပြီး အဲဒီအနီးတဝိုက်မှာ နေထိုင်ကြတဲ့သူတွေ အနေနဲ့ နောက်ထပ် အမိန့်မထုတ်မချင်း အိမ်ထဲမှာသာ နေထိုင်ကြဖို့ GSF က သတိပေးထားပါတယ်။
ဟေတီမှာ ဂိုဏ်းတွေရဲ့ အကြမ်းဖက်မှုတွေကို တိုက်ထုတ်ဖို့အတွက် ကုလသမဂ္ဂရဲ့ ထောက်ပံ့မှုနဲ့ ဖွဲ့စည်းထားတဲ့ ဂိုဏ်းနှိမ်နင်းရေးတပ်ဖွဲ့ (GSF) ဟာ စစ်သည်အင်အားကို တိုးမြှင့်ဖို့ ကြိုးပမ်းနေပါတယ်။
စစ်သည်အင်အား စေလွှတ်ကူညီပေးနေတဲ့ နိုင်ငံတွေထဲမှာ ချတ်နဲ့ ဂွာတီမာလာနိုင်ငံတွေလည်း ပါဝင်ပါတယ်။
တပ်ဖွဲ့ရဲ့ အထူးကိုယ်စားလှယ် ဂျက်ခ် ခရစ္စတိုဖိုက်ဒက်စ်က ကုလသမဂ္ဂ အစည်းအဝေးမှာ ပြောကြားရာမှာ အဲဒီတပ်ဖွဲ့ဝင် အင်အားဟာ ၂,၀၀၀ အထိ ရောက်ရှိလာပြီဖြစ်ပြီး ဒါဟာ သူတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်ရဲ့ ၃ ပုံ ၁ ပုံကျော်လောက်သာ ရှိသေးတယ်လို့ ဆိုပါတယ်။
လုံခြုံရေးတပ်ဖွဲ့တွေအပေါ် “ရန်လိုတိုက်ခိုက်တဲ့ ဖြစ်စဉ်တွေ” ဟာ လွန်ခဲ့တဲ့ တလအတွင်း ပိုမိုများပြားလာတယ်လို့ ခရစ္စတိုဖိုက်ဒက်စ်က ဆိုပါတယ်။
ဂိုဏ်းတွေဟာ ရန်ပုံငွေအတွက် ပြန်ပေးဆွဲ ငွေတောင်းခံမှုတွေကိုလည်း ပိုမိုလုပ်ဆောင်လာကြပြီး ကာကွယ်ရေးဝန်ကြီးရဲ့ အဓိက ဦးစီးအရာရှိ အပါအဝင် နာမည်ကြီး ပုဂ္ဂိုလ်တွေကိုပါ ပစ်မှတ် ထားလာကြပါတယ်။
Source: Reuters











