
မြောက်ကိုရီးယားဟာ အရှေ့ဘက်ကမ်းလွန်ပင်လယ်ပြင်ဘက်ကို အမည်မသိ ဒုံးကျည်တစင်း ပစ်လွှတ်လိုက်တယ်လို့ တောင်ကိုရီးယားပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့က အောက်တိုဘာ ၃ ရက်မှာ ထုတ်ပြန် ပြောလိုက်ပါတယ်။
ဒီလိုပစ်လွှတ်မှု မလုပ်ခင် သောကြာနေ့က မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ ဩဇာအာဏာကြီးမားတဲ့ ညီမဖြစ်သူ ဂင်မ်ယိုးဂျုံ က ကြေညာချက်ထုတ်ပြန်ခဲ့ပါသေးတယ်။
အဲဒီထုတ်ပြန်ချက်မှာ နှစ်နိုင်ငံကြားက လုံခြုံရေးတင်းကျပ်မှုမြင့်မားတဲ့ အထူးစစ်မဲ့ဇုန်အတွင်း တောင်ကိုရီးယားစစ်သားတွေ ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့တာဟာ မြောက်ကိုရီးယား မြေမြှုပ်မိုင်း တွေကြောင့်လို့ မှတ်ချက်ပေး ပြောကြားလိုက်တဲ့ တောင်ကိုရီးယားဘက်က မြောက်ကိုရီးယားကို တောင်းပန်ဖို့ တောင်းဆိုချက်ကို ဂင်မ်ယိုးဂျုံ က ပယ်ချခဲ့တာ ဖြစ်ပါတယ်။
ကိုရီးယားကျွန်းဆွယ်ကို ဖြတ်သန်းသွားတဲ့ ၄ ကီလိုမီတာ (၂ မိုင်ခွဲ) ကျယ်ဝန်းတဲ့ နယ်စပ် စည်းအတွင်း ကင်းထောက်တာဝန် ထမ်းဆောင်နေတုန်း မြောက်ကိုရီးယားမြေမြှုပ်မိုင်း ပေါက်ကွဲလို့ ဒဏ်ရာအပြင်းအထန်ရရှိတဲ့ တောင်ကိုရီးယား စစ်သား ၂ ယောက်အပါအဝင် စုစုပေါင်း စစ်သည် ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့တာဟာ မြောက်ကိုရီးယားကြောင့်လို့ ဒီတပတ်ထဲမှာ တောင်ကိုရီးယား က ပြောဆိုပါတယ်။
မြောက်ကိုရီးယားဟာ မကြာသေးတဲ့နှစ်တွေအတွင်း တောင်ကိုရီးယားအပေါ် ရန်လိုမှုကို အပြင်းအထန် တိုးမြှင့်လာခဲ့ပြီး နိုင်ငံတော် ရည်မှန်းချက်အနေနဲ့ ပြန်လည်ပေါင်းစည်းရေးကို ငြင်းပယ်ကာ တောင်ကိုရီးယားကို "အဓိကရန်သူ" လို့ သတ်မှတ်ထားပါတယ်။
Source:Reuters










