DVB Logo
Home
မြန်မာသတင်း
ရေလမ်းကြောင်း ခွင့်မပြုသဖြင့် ဆွမ်ပရာဘွမ် စစ်ရှောင်ဒုက္ခသည် ကူညီရေး အခက်ကြုံ
DVB
·
July 18, 2015
ရေလမ်းကြောင်း ခွင့်မပြုသဖြင့် ဆွမ်ပရာဘွမ် စစ်ရှောင်ဒုက္ခသည် ကူညီရေး အခက်ကြုံ
Donate to DVB

ကချင်ပြည်နယ် ဆွမ်ပရာဘွမ် မလိယန်ဘက်မှာ အစိုးရနဲ့ကေအိုင်အေတို့အကြား စစ်ပွဲတွေကြောင့် ထွက်ပြေးလာတဲ့ စစ်ရှောင်ဒုက္ခသည်တွေကို ထောက်ပံ့ဖို့ ဧရာဝတီမြစ်ကြောင်းအတိုင်း သွားခွင့်မပြုဘဲ ကုန်းလမ်းကနေသာ သွားဖို့ခွင့်ပြုတဲ့အတွက် ရိက္ခာသယ်ယူရေး အခက်အခဲကြုံနေရပါတယ်။

ကားလမ်းကသွားပါက လုံခြုံရေး တာဝန်ယူပေးမှာဖြစ်ပြီး ရေလမ်းအတိုင်းသွားပါက လုံခြုံရေး တာဝန်မယူဘူးလို့ ပြည်နယ်အစိုးရက ဇူလိုင် ၁၈ ရက်မှာ ပြန်ကြားခဲ့တယ်လို့ ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းတော်များအဖွဲ့ချုပ် ပြန်ကြားရေး တာဝန်ခံ ဦးလမာယော်က ပြောပါတယ်။

မိုးရာသီဖြစ်တဲ့အတွက် ဆြမ္ဘရာဘြမ္ဘက္ကို သွားတဲ့ကားလမ်းက မကောင်းသလို သွားပါက လမ်းမှာ ၁၀ ရက်နဲ့ ရက် ၂၀ အကြား ကြာနိုင်တယ်လို့ သူက ဆိုပါတယ်။

“အခုလောက်ဆိုရင် ဗွက်တန်းက တနေရာ ၂  နေရာလောက်ရှိတာ မဟုတ်ဘူး၊ တလမ်းလုံးရှိနေတယ်။ အဲကြောင့် ကားမရုန်းနိုင်တဲ့ နေရာမှာ လူအားနဲ့ အဲဒီ ရာရှင်တွေ အားလုံးကို ပြန်တင်ပို့ မချ၊ ပြန်တင်၊ ၁ နာရီလောက် ပြန်သွား၊ ပြန်ချ၊ ပြန်ပို့ အဲလိုလုပ်နေရမှာ ဘယ်လိုမှ မဖြစ်နိုင်တဲ့လမ်းပါ” လို့ ဦးလမာယော်က ပြောပါတယ်။

ရေလမ်းအတိုင်းသွားမယ်ဆိုပါက မြစ်ကို ဆန်တက်သွားရပေမယ့်လည်း ၂ ရက်ခွဲနဲ့ ဒုက္ခသည်တွေထံကို ရောက်မယ်လို့ သူက ပြောပါတယ်။

ဒုက္ခသည်တွေက ကေအိုင်အေနယ်မြေထဲမှာ ခိုလှုံနေတဲ့အတွက် ပို့လိုက်တဲ့ ရိက္ခာတွေကို ကေအိုင်အေက အသုံးပြုမှာ စိုးရိမ်တာကြောင့် ရေလမ်းက မပေးသွားဘူးလို့ ယူဆကြောင်း ဦးလမာယော်က ပြောပါတယ်။

ဇူလိုင် ၁၄ ရက်က ဒုက္ခသည်တွေထံ သွားရောက် ကူညီထောက်ပံ့ခွင့်ပြုဖို့ ပြည်နယ်ဝန်ကြီးချုပ်ထံကို စာတင်ခဲ့ရာမှာ စစ်ဆင်ရေးနယ်မြေ ဖြစ်တဲ့အတွက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ဆီမှာ သွားရောက်တောင်းခံဖို့ ပြောကြားခဲ့ပါတယ်။

ဒီအတွက် တိုင်းစစ်ဌာချုပ်မှာ သွားရောက်တောင်းခံခဲ့ပြီးနောက်ပိုင်း တိုင်းရုံးကနေဆင့် ၀န်ကြီးချုပ်ရုံးကို အကြောင်းကြားခဲ့ပြီး ၀န်ကြီးချုပ်ရုံးက ပြန်အကြောင်းကြားတာ ဖြစ်ပါတယ်။

မူလတန်း ကျောင်းသူကျောင်းသား ၂၇၁ ယောက် အပါအ၀င် ထောင်နဲ့ ချီတဲ့ စစ်ရှောင် ဒုက္ခသည်တွေဟာ မလိခမြစ် အရှေ့ဘက်ကမ်းကို ကူးပြီး ဂျာရာယန်နဲ့အင်ထန်းဇွပ်မှာ ခိုလှုံနေတယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) က ဗိုလ်မှူးကြီးဇော်ဒေါင်က ပြောပါတယ်။

မိုးတွင်းဖြစ်တာကြောင့် ကုန်လမ်းက သွားရခက်ခဲသလို မလိခမြစ်ကြောင်းကိုသာ မှီခိုနေရတဲ့အတွက် ဒုက္ခသည်တွေဟာ ဒီနေရာမှာ ပိတ်မိသလို ဖြစ်နေတယ်လို့ သူက ပြောပါတယ်။

“အဲဒီမှာကတော့ အခက်အခဲကတော့ ရှိတာပေါ့။ သွားရေး လာရေးက အစ ခက်ခဲတာရှိတယ်။ ပြီးတော့ ဟိုဘက်မှာလည်း နဂိုကတည်းက ခေါင်တဲ့နေရာဆိုတော့ အထောက်အပံ့တွေ မရောက်လာဘူးဆိုရင်တော့ ပိုပြီးမှ ခက်ခဲလာနိုင်တယ်” လို့ သူက ပြောပါတယ်။

အစိုးရနဲ့ ကေအိုင်အေ တပ်ဖွဲ့တွေအကြား ပြီးခဲ့တဲ့ ဇွန် ၂၄၊ ၂၅ ရက်က တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ပြီး ဇူလိုင် ၁၀-၁၁ ရက်ကနေ ၁၅ ရက်နေ့အထိ တိုက်ပွဲတွေ ထပ်မံဖြစ်ပွားခဲ့ပါတယ်။

မလိယန်အနီးက ကေအိုင်အေ တပ်စခန်းက ဆုတ်ခွာပေးလိုက်တဲ့နောက် တိုက်ပွဲတွေ အနည်းငယ် ငြိမ်သက်သွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013