DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်ဒေသအနှံ့ လေပြင်းတိုက်ခတ်ပြီး နေအိမ်များပျက်စီး၊ ရေစီးနှင့် မျောပါသွားသူများကို ကယ်ဆယ်
DVB
·
April 27, 2026
ဆည်ပေါက်ချောင်းရေလျှံပြီး ရေထဲမျောပါသွားသည့် ခရီးသည်များကို ကယ်ဆယ်စဉ်။ Photo: MFSD 
ဆည်ပေါက်ချောင်းရေလျှံပြီး ရေထဲမျောပါသွားသည့် ခရီးသည်များကို ကယ်ဆယ်စဉ်။ Photo: MFSD 
Donate to DVB

မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ နေပြည်တော်၊ ကချင်ပြည်နဲ့ ရှမ်းပြည်နယ်မှာ အခုရက်ပိုင်းအတွင်း မိုးသည်းထန် လေပြင်းတိုက်ခတ်မှုတွေကြောင့် လူအိမ်တွေပျက်စီး၊ သစ်ပင်တွေ လဲကျခဲ့ပြီး ကျောက်ပန်းတောင်းမှာတော့ ချောင်းရေလျှံကာ ရေစီးနဲ့အတူ မျောပါသွားတဲ့ ထော်လာဂျီယာဉ်ပေါ်က ခရီးသည်တွေကို အရေးပေါ်ကယ်ဆယ်ခဲ့ရတယ်လို့  မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပါတယ်။

ဧပြီ ၂၆ ရက် မနေ့ညနေ ၅ နာရီခွဲလောက်က မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ဆည်ပေါက်ကျေးရွာမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျောက်ပန်းတောင်း-ပုပ္ပါးလမ်းမပေါ်ရှိ ဆည်ပေါက်ချောင်း ရေလျှံမှုကာ ယာဉ်တစီး ရေစီးနဲ့အတူ မျောပါပြီး ခရီးသည်တွေ ယာဉ်ပေါ်မှာ ပိတ်မိနေခဲ့တာပါ။ 

မီးသတ်တပ်ဖွဲ့တွေက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တာမှာ ယာဉ်ပေါ်ပါ အမျိုးသား ၅ ယောက်၊ အမျိုးသမီး ၁၁ ယောက်နဲ့ ကလေး ၃ ယောက် စုစုပေါင်း ၁၉ ယောက်ကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဧပြီ ၂၇ ရက် ဒီမနက် ၆ နာရီကျော်လောက်ကလည်း ပြင်ဦးလွင်မြို့နယ်၊  ရပ်ကွက်ကြီး(၆)၊ မြို့ပတ်လမ်းမှာ သစ်ပင်လဲကျလို့ ရှမ်းပြည်နယ်၊ လဲချားမြို့၊  အမှတ် (၄) ရပ်ကွက်၊ ဗထူးလမ်းမှာလည်း ဒီနေ့မနက်က သစ်ပင်လဲကျခဲ့ပါတယ်။

မနေ့ကလည်း မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်မှာ မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်လို့ ရန်ကုန်-မန္တလေး ကားလမ်းဟောင်းဘေးတွင် သစ်ပင်လဲကျတာ မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ မြောက်ခေတ္တရာရပ်တွင် လေပြင်းတိုက်ခတ်လို့ ယူကလစ်ပင် ကျိုးကျပြီး လူဝင်မှုကြီးကြပ်ရေးရုံးဝန်းအတွင်းရှိအဆောက်အအုံပေါ်သို့ ပိမိခဲ့တယ်လို့သိရပါတယ်။

နေပြည်တော်၊ တပ်ကုန်းမြို့နယ်မှာလည်း မနေ့က မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်လို့ ရန်ကုန်-မန္တလေး ကားလမ်းဟောင်း၊ မိုင်တိုင်အမှတ်(၂၅၉/၃)အနီးမှာ ကုန်စုံဆိုင်ပေါ်သို့ သစ်ပင်လဲကျခဲ့သလို ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့မှာလည်း လေပြင်းတိုက်ခတ်မှုကြောင့် သစ်ကိုင်းများ ကျိုးကျခဲ့ပါတယ်။

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်မှာလည်း မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် အမှတ် (၁) ရပ်ကွက်၊ သိမ်တော်ဦးဘုရားလမ်းရှိ နေအိမ်ပေါ်သို့ သစ်ပင် လဲကျခဲ့ပါတယ်။

အလားတူ ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်မှာလည်း  ဧပြီ ၂၅ ရက်ကက  မိုးသည်းထန် လေပြင်းတိုက်ခတ်လို့ နေအိမ်များ အမိုးလန်ပျက်စီးတာနဲ့ ဓာတ်အားလိုင်းကြိုးတွေပေါ် သစ်ပင်လဲကျခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013