
ဗိုလ်ချုပ်ခိုင်ရာဇာ ထူထောင်ခဲ့တဲ့ ရခိုင်တပ်မတော် (AA)ရဲ့ စစ်ရေးချုပ်အဖြစ် တာဝန်ယူခဲ့သူ ဗိုလ်မှူးမောင်စောယဉ် (အသက် ၇၇ နှစ်) ကွယ်လွန်သွားတဲ့အတွက် အာရက္ခတပ်တော် (ULA/AA) က ဝမ်းနည်းကြောင်း သဝဏ်လွှာထုတ်ပြန်ပါတယ်။
ဗိုလ်မှူးမောင်စောယဉ်ဟာ မင်းပြားမြို့နယ်၊ သစ်ပုတ်တောင်ကျေးရွာတွင် မွေးဖွားခဲ့သူဖြစ်ပြီး ကွယ်လွန်ချိန်မှာ သူဟာ ရခိုင်ကွန်မြူနစ်ပါတီရဲ့ ပါတီဝင်၊ ဗိုလ်ချုပ်ခိုင်ရာဇာ ထူထောင်ခဲ့တဲ့ ရခိုင်တပ်မတော် (AA) ရဲ့ စစ်ရေးချုပ်အဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။
ရခိုင်ဝါရင့် တော်လှန်ရေးသမားဖြစ်သူ ဗိုလ်မှူးမောင်စောယဉ်ဟာ မေ ၁၁ ရက် မနက် ၈ နာရီ လောက်က ဘင်္ဂလားဒေ့ချ်နိုင်ငံ၊ ရွာတော်ခရိုင်၊ ဗျိုင်းမတောက်ကျေးရွာမှာ ၉၆ ပါး လူကြီးရောဂါနဲ့ ကွယ်လွန်အနိစ္စရောက်သွားတာလို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က ဒီကနေ့ ထုတ်ပြန်ပါတယ်။
အခုလို ကွယ်လွန်အနိစ္စရောက်သွားတဲ့အတွက် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) ပါတီဝင်တွေ၊ တပ်ဖွဲ့ဝင်တွေ၊ တော်လှန်ရေး ရဲဖော်ရဲဖက်တွေက မိသားစု၊ ဆွေမျိုးတွေနဲ့ ထပ်တူဝမ်းနည်းကြောင်း ဖော်ပြထားပါတယ်။
ဗိုလ်မှူးမောင်စောယဉ်လို စိတ်ဓာတ်ရဲရင့်ခိုင်မာပြီး မျိုးချစ်စိတ်ရှိသူတယောက်ဟာ အခုခေတ် လူငယ်တွေအတွက် အတုယူစရာဖြစ်သလို ကွယ်လွန်သွားတဲ့အတွက် ဝမ်းနည်းမိတယ်လို့ ရခိုင်လူငယ်တယောက်က ပြောပါတယ်။
“ဗိုလ်မှူးလို အမျိုးသားရေးစိတ်ဓာတ်ဟာ ရန်သူ့ထံ လက်မမြှောက်၊ ဒူးမထောက်ဘဲ အသက်အရွယ် တခုထိ တော်လှန်ရေးသမားကောင်း ဖြစ်နေသွားတာကိုက အခုခေတ်အတွက် ဂုဏ်ယူစရာ ကောင်းပါတယ်” လို့ ဆိုပါတယ်။
သူဟာ ရခိုင်ပြည်ကွန်မြူနစ်ပါတီ (ACP)၊ ရခိုင်ပြည်အမျိုးသားညီညွတ်ရေးတပ်ဦး (NUFA)၊ ရခိုင်ပြည်အမျိုးသားညီညွတ်ရေးပါတီ (NUPA) အစရှိတဲ့ ရခိုင်တော်လှန်ရေး လက်နက်ကိုင်အဖွဲ့ တွေမှာ အဓိကဦးဆောင်သူတယောက်လည်း ဖြစ်ပါတယ်။
ဒါ့အပြင် ဗိုလ်ချုပ်ခိုင်ရာဇာ ဦးဆောင်ခဲ့တဲ့ ရခိုင်တပ်မတော် (AA) မှာ စစ်ရေးချုပ်အဖြစ် တာဝန်ယူခဲ့ပြီး မင်းပြားမြို့သိမ်းတိုက်ပွဲကို ဦးဆောင်ခဲ့သူတွေထဲက တယောက်ဖြစ်ကာ ကိုယ်တိုင် ကိုယ်ကျ မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်ခဲ့သူတယောက်လည်း ဖြစ်တယ်လို့ သဝဏ်လွှာ ထုတ်ပြန်ချက် မှာ ဖော်ပြထားပါတယ်။
အဲဒီခေတ်အခါက မင်းပြားမြို့မရဲစခန်း သိမ်းပိုက်နိုင်မှု မှတ်တမ်းဟာ တော်လှန်ရေး သမိုင်းကြောင်း တခုရဲ့ အောင်မြင်မှုပြယုဂ် ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မြောက်ဦးမြို့သိမ်း တိုက်ပွဲ ဖော်ဆောင် ဖို့ စစ်ကြောင်းကိုလည်း ဦးဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။
တော်လှန်ရေးသက်တမ်းရင့်ပုဂ္ဂိုလ်တယောက်ဖြစ်ကာ တော်လှန်ရေးကို တစိုက်မတ်မတ် လုပ်ကိုင်ခဲ့သူဖြစ်ပြီး ရန်သူက မိသားစုကိုခုတုံးလုပ်ကာ လက်နက်ချ အညံ့ခံခိုင်းခဲ့တဲ့တိုင်အောင် ရန်သူ့ထံမှာ လက်နက်ချအညံ့မခံဘဲ အသက်သေဆုံးသည်ထိ တော်လှန်ရေးသမားသမား တယောက် အဖြစ် ခံယူခဲ့သူလို့ သိရပါတယ်။










