
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အချစ်ဆုံး အိမ်မွေးခွေးလေးဖြစ်တဲ့ “တိုက်ချီတို” ဟာ ဇွန် ၂၁ ရက် မနေ့ညက ဆုံးပါးသွားခဲ့ပါတယ်။
ဆုံးပါးချိန်မှာ အသက် ၁၆ နှစ်ကျော်အရွယ်ရှိပြီဖြစ်တဲ့ ခွေးကလေးတိုက်ချီတိုဟာ အမြင်အာရုံမကောင်းတော့သလို ကျန်မာရေးမကောင်းတာလည်း အတော်ကြာ ပြီဖြစ်တယ်လို့ သိရပါတယ်။
တိုက်ချီတို ၃ လသားအရွယ်မှာ ဒေါ်အောင်ဆန်းစုကြည် ၂၀၁၀ ပြည့်နှစ် နေအိမ်အကျယ်ချုပ် လွတ်မြောက်ချိန်တုန်းက သားဖြစ်သူ ကင်မ်အဲရစ်က လက်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးထိန်းသိမ်းခံရချိန်မှာလည်း တိုက်ချီတိုရဲ့ အခြေအနေကို လူအများက စိတ်ဝင်တစား မေးမြန်းခဲ့ကြပြီး၊ ခွေးလေးဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်စပ်တဲ့ အမှတ်တရ သင်္ကေတတခုအဖြစ် ထင်ရှားခဲ့ပါတယ်။
စစ်အာဏာရှင်ရဲ့ ဖမ်းဆီးအကျဉ်းချတာခံနေရတဲ့ အသက် ၈၁ နှစ်ကျော်အရွယ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာလည်း သက်ရှိထင်ရှားရှိနေကြောင်း ဘယ်သူကမှ သက်သေမပြနိုင်တဲ့ အခြေအနေနဲ့ ကြုံနေရပါတယ်။
ဒါကြောင့် သူ့ရဲ့ သားဖြစ်သူ ကင်မ်အဲရစ်က ဦးဆောင်ပြီး သူ့မိခင် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေသေးကြောင်း သက်သေပြပေးဖို့ စစ်အာဏာရှင်ကို တောင်းဆိုတဲ့ Proof of life လှုပ်ရှားမှုတွေကို ဆက်တိုက်ပြုလုပ်နေသလို ကမ္ဘာအနှံ့က မြန်မာပြည်သူတွေကလည်း ပူးပေါင်း ပါဝင်နေကြပါတယ်။
Photဝ: မူလပိုင်ရှင်










