
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်ထဲက စစ်ဘေးရှောင်ပြည်သူတွေရှိတဲ့နေရာကို စစ်တပ်က စစ်ကြောင်းထိုးတာကြောင့် စစ်ရှောင်ပြည်သူတွေ အရေးပေါ်ရွှေ့ပြောင်းလိုက်ရပြီး အမိုးအကာနဲ့ စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ စစ်ရှောင်ပြည်သူတွေကို သွားရောက်ကူညီခဲ့သူတွေက ပြောပါတယ်။
စစ်တပ်စစ်ကြောင်းဟာ မေ ၈ ရက်နေ့မှာ စစ်ရှောင်စခန်းကို ဝင်ရောက် မီးရှို့ဖျက်ဆီးတာကြောင့် စစ်ရှောင်ပြည်သူ ၆၅၀ ကျော် အရေးပေါ် ရွှေ့ပြောင်းခဲ့ရတာ ဖြစ်ပါတယ်။
ရွှေ့ပြောင်းချိန် နေအိမ်တွေနဲ့ ကား၊ ဆိုင်ကယ်တွေပါ မီးရှို့ခံရပြီး ပြည်သူ ၁ ယောက်လည်း ပစ်သတ်ခံရတာပါ။
စစ်ရှောင်အရေး ကူညီပေးနေတဲ့ ကိုလွမ်းက “အဓိက ကတော့ ဆန်နဲ့ မိုးကာပါ၊ လိုအပ်တာက။ အခုက တစုတစည်းတည်း မဟုတ်ဘူး။ အကုန်ပြန့်နေတာ။ တချို့တွေက ဘယ်နားရောက်နေမှန်းလည်း သူတို့ ချိတ်ဆက်မရသေးဘူး ဖြစ်နေတာ” လို့ပြောပါတယ်။
စစ်ရှောင်စခန်းမှာ အိမ်ခြေ ၁၄၀ ကျော်နဲ့ လူဦးရေ ၆၅၀ ကျော် နေထိုင်ခဲ့ပြီး အခြေအနေအရ နှစ်နေရာမှာ စစ်ဘေးရှောင်နေကြတယ်လို့ သိရပါတယ်။
ပြန်လည်ထူထောင်ရေးအတွက် စစ်ရှောင်အရေးကူညီသူတွေက ပံ့ပိုးနေပေမဲ့ လူဦးရေ များတာကြောင့် လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ ဆိုပါတယ်။
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC အတွင်းရေးမှူး ၂ ဦးဗညားက “စားနပ်ရိက္ခာ ပြန်ယူလို့မရတဲ့ ပြဿနာပေါ့။ ရုတ်တရက် ထပြေး ထရှောင်ပြီးမှ တချို့က စခန်းကို ပြန်ယူတဲ့အချိန်မှာလည်း ပစ်သတ်ခြင်းခံရတဲ့အတွက်ကြောင့်မို့ အဲဒါက အခက်အခဲရှိတယ်။ အမိုးအကာတော့ ဝိုင်းကြိုးစားပြီး ကူကြတာ၊ ဒါပေမဲ့ လိုအပ်နေသေးတာ။ အခုတော့ တချို့နေရာမှာ ပြန်ပြီးတော့ နေရာချထားရေးလုပ်နေတယ်” လို့ ပြောပါတယ်။
စစ်ရှောင်ပြည်သူတွေဟာ ဖရူဆိုမြို့နယ်၊ ပရယ်တော်နဲ့ ထားလဲကျေးရွာကဖြစ်ပြီး ခုလက်ရှိမှာတော့ စစ်တပ်စစ်ကြောင်းက ကျေးရွာကနေ ထွက်သွားပေမဲ့ အနီးအနားမှာ ရှိနေတာကြောင့် ပြည်သူတွေ ပြန်နေထိုင်ဖို့ အဆင်မပြေသေးဘူးလို့ သိရပါတယ်။
စစ်တပ်ဟာ မိုးဗြဲ-ဒီးမော့ဆို- ဖရူဆို-ဖားဆောင်း တို့မှာ စစ်ကြောင်းထိုးတာတွေ ရှိနေတာကြောင့် တော်လှန်ရေးအင်အားစုတွေနဲ့ ထိတွေ့တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။










