
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့ဖြစ်တဲ့ ဇွန် ၁၉ ရက်မှာ၊ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးနဲ့ အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်တဲ့ “နှင်းဆီလှုပ်ရှားမှု” (ROSE Movement: Roses of Hope) ကို တနိုင်ငံလုံး အတိုင်းအတာနဲ့ ပြုလုပ်သွားမယ်လို့ People Movement Platform Myanmar က ထုတ်ပြန်ပါတယ်။
ဒီလှုပ်ရှားမှုကို People Movement Platform Myanmar က ဦးဆောင်ပြီး ပြည်တွင်း ပြည်ပက အဖွဲ့အစည်းပေါင်း ၁၈ ဖွဲ့နဲ့ ပူးပေါင်းကျင်းပသွားမှာ ဖြစ်ကာ “အမေစုနဲ့အတူ ဆက်လက်တိုက်ပွဲဝင်ကြ” ဆိုတဲ့ ကြွေးကြော်သံနဲ့အတူ အွန်လိုင်းကနေရော မြေပြင်မှာပါ ပြုလုပ်သွားမှာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခုလှုပ်ရှားမှုရဲ့ အဓိက ရည်ရွယ်ချက်က ပြည်သူတွေရဲ့ သဘောထားကို တစုတစည်းတည်း ဖော်ပြဖို့ဖြစ်ပြီး စစ်အုပ်စုရဲ့ မတရားဖိနှိပ်မှုတွေ၊ အဓမ္မစစ်မှုထမ်းဥပဒေ၊ ဟန်ပြနိုင်ငံရေး လုပ်ဆောင်ချက်တွေကို ပြည်သူလူထုက လက်မခံဘူးဆိုတာကို ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ ပြသချင်တာ ဖြစ်တဲ့အပြင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် ပြည်သူတွေရဲ့ ဆန္ဒကို ထပ်မံဖော်ထုတ်ချင်တာလည်း ဖြစ်တယ်လို့ People Movement Platform ရဲ့ သတင်းပြန်ကြားရေး တာဝန်ခံတယောက်က ပြောပါတယ်။
ဒါကြောင့် အခုလှုပ်ရှားမှုမှာ ပါဝင်ချင်တဲ့ ပြည်သူတွေအနေနဲ့ ကိုယ့်ဒေသရဲ့ လုံခြုံရေးအခြေအနေပေါ် မူတည်ပြီး နှင်းဆီပန်း ဒါမှမဟုတ် ရရှိနိုင်တဲ့ ပန်းတမျိုးမျိုးကို ဘုရားတင်တာ၊ ပန်ဆင်တာ၊ အချင်းချင်း ဝေငှတာတွေ လုပ်နိုင်သလို အဲဒီပုံတွေကို လူမှုကွန်ရက်ပေါ် တင်ပြီး Online Campaign အနေနဲ့ ပါဝင်နိုင်ပြီး လုံခြုံမှုရှိတဲ့ နေရာတွေမှာ မြေပြင်လှုပ်ရှားမှုတွေနဲ့လည်း ပါဝင်ကြဖို့ကို တိုက်တွန်းထားပါတယ်။
အခုလှုပ်ရှားမှုကို “Proof of Life” ကမ်ပိန်းနဲ့လည်း ပူးတွဲလုပ်ဆောင်သွားမယ်လို့ သိရပြီး “နှင်းဆီလှုပ်ရှားမှု” ရဲ့ အဓိက တောင်းဆိုချက် ၃ ရပ်ကတော့၊ လူထုခေါင်းဆောင်တွေ အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရေး၊ အဓမ္မ စစ်မှုထမ်းဥပဒေကို ချက်ချင်း ဖျက်သိမ်းရေးနဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို နိုင်ငံတော်ရဲ့ တရားဝင် ခေါင်းဆောင်တွေအဖြစ် ထပ်လောင်း အတည်ပြုရေးတို့ပဲ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။










