DVB Logo
Home
နိုင်ငံတကာ
တောင်ဆူဒန်တွင် ချုံခိုတိုက်ခိုက်မှုကြောင့် အီသီယိုးပီးယားမှ ကုလသမဂ္ဂငြိမ်းချမ်းရေး တပ်ဖွဲ့ဝင် ၂ ဦး သေဆုံး
DVB
·
August 25, 2026
Photo:Reuters
Photo:Reuters
Donate to DVB

တောင်ဆူဒန်နိုင်ငံ၊ ဂျွန်ဂလေပြည်နယ်မှာ ဩဂုတ် ၂၄ ရက်က ပုံမှန်ကင်းလှည့်နေတဲ့ ကုလသမဂ္ဂ အဖွဲ့ကို လက်နက်ကိုင်တိုက်ခိုက်သူတွေရဲ့ ချုံခိုတိုက်ခိုက်မှုကြောင့် အီသီယိုးပီးယားနိုင်ငံသား ကုလ ငြိမ်းချမ်းရေးထိန်းသိမ်းသူ ၂ ယောက် သေဆုံးခဲ့ပြီး ၇ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

ဒဏ်ရာရသူတွေထဲမှာ ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းသူ ၃ ယောက်၊ တောင်ဆူဒန် ရဲတပ်ဖွဲ့ဝင် ၂ ယောက်နဲ့ အရပ်သား ဝန်ထမ်း ၂ ယောက် ပါဝင်တယ်လို့ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတက်ဖန် ဒူဂျာရစ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ 

ဒူဂျာရစ်ရဲ့ ပြောကြားချက်အရ ကင်းလှည့်မှုဟာ ဒေသတွင်း မတည်ငြိမ်မှုတွေကို ကူညီဖြေရှင်းပေးဖို့ ပုံမှန်လုပ်ဆောင်နေကျဖြစ်ပြီး ဘယ်သူဘယ်ဝါမှန်း မသိရသေးတဲ့ လက်နက်ကိုင် တိုက်ခိုက်သူတွေ က ကင်းလှည့်အဖွဲ့ကို သီးသန့် ပစ်မှတ်ထားပြီး တမင်တိုက်ခိုက်ခဲ့ပုံရတယ်လို့ ဆိုပါတယ်။

ဒီဖြစ်စဉ်ကြောင့် အခုနှစ်အတွင်း ကမ္ဘာတဝန်း တာဝန်ထမ်းဆောင်ရင်း သေဆုံးခဲ့ရတဲ့ ငြိမ်းချမ်းရေး ထိန်းသိမ်းသူ စုစုပေါင်း ၉ ယောက်အထိ ရှိလာခဲ့ပါပြီ။ 

ဒီဖြစ်စဉ် ဖြစ်ပွားပြီးနောက် မြေပြင်အခြေအနေတွေကို ထိန်းသိမ်းဖို့နဲ့ အရေးပေါ် ကူညီကယ်ဆယ်ရေးတွေ ပြုလုပ်နိုင်ဖို့ ကုလသမဂ္ဂက အမြန်တုံ့ပြန်ရေးတပ်ဖွဲ့ကို အဲဒီဧရိယာဆီ ချက်ချင်း စေလွှတ်ခဲ့ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ဒီတိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့ပြီး ကုလ ငြိမ်းချမ်းရေးထိန်းသိမ်းသူတွေကို တိုက်ခိုက်တာဟာ အပြည်ပြည်ဆိုင်ရာ ဥပဒေအရ စစ်ရာဇဝတ်မှု မြောက်နိုင်တယ်လို့လည်း အလေးအနက် သတိပေးခဲ့ပါတယ်။

တောင်ဆူဒန်ဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ ငြိမ်းချမ်းရေးထိန်းသိမ်းရေး အဖွဲ့အကြီးအကဲ အန်နီတာ ကီကီ ဂဘီဟိုကလည်း ပြစ်မှုကျူးလွန်သူတွေကို တရားဥပဒေအတိုင်း အရေးယူနိုင်ဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ မြန်မြန်ဆန်ဆန်နဲ့ စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုထား ပါတယ်။

ခရိုင်ကော်မရှင်နာ ဝါနီ ဂျက်ဆင်မူလီကလည်း ဒေသတွင်း မတည်ငြိမ်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ဘေးရှောင် (IDP) တွေအတွက် စားနပ်ရိက္ခာ၊ သောက်သုံးရေ၊ ဆေးဝါးနဲ့ ကုသမှုတွေအပြင် ဒန်အိုးဒန်ခွက်၊ စောင်နဲ့ အိပ်ယာဖျာစတဲ့ အိမ်သုံးပစ္စည်း အကူအညီတွေ အရေးပေါ် လိုအပ်နေပြီး ကလေးသူငယ်တွေလည်း ပညာသင်ကြားမှု ထိခိုက်ရတယ်လို့ ပြောပါတယ်။

တောင်ဆူဒန်မှာ လူမျိုးစုအချင်းချင်း တိုက်ခိုက်မှုတွေ၊ လက်နက်ကိုင် လူငယ်တွေ စုစည်းလှုပ်ရှားမှုတွေနဲ့ အစိုးရတပ်ဖွဲ့တွေ ပါဝင်တဲ့ ပဋိပက္ခတွေရှိနေလို့ ကုလသမဂ္ဂ ကင်းလှည့်အဖွဲ့တွေ လုပ်ကိုင်ရတာ စိန်ခေါ်မှုများပြီး ဝန်ထမ်းတွေ တိုက်ခိုက်ခံရတာဟာ ဖြစ်ခဲပေမဲ့ အရင်ကလည်း ရှိခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့ မတ်လအစောပိုင်းက အစ္စရေးနဲ့ ဟဇ်ဘိုလာတိုက်ပွဲတွေကြောင့် လီဘနွန်မှာ ကုလ ငြိမ်းချမ်းရေးထိန်းသိမ်းသူ ၇ ယောက် သေဆုံးခဲ့ရမှုအပါအဝင် တိုက်ခိုက်မှုတွေ ဆက်တိုက်ဖြ စ်ပွားခဲ့လို့၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီက လွန်ခဲ့တဲ့ ဇွန်လမှာ ငြိမ်းချမ်းရေးထိန်းသိမ်းသူတွေကို တိုက်ခိုက်သူတွေကို အရေးယူ တာဝန်ခံမှု ပိုမိုအားကောင်းလာစေမဲ့ ဆုံးဖြတ်ချက်တခုကို အတည်ပြုခဲ့ပါသေးတယ်။

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013