မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှုနဲ့ စွပ်စွဲထားတဲ့အမှုမှာ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ရဲ့ တရားသူကြီးတယောက်အဖြစ် ဆောင်ရွက်နေတဲ့ နာဗာနီသမ် နာဗီ ပီလေးကို ၂၀၂၆ ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ချီးမြှင့်ဖို့ ရွေးချယ်လိုက်ကြောင်း နော်ဝေ နိုဘယ်လ်ကော်မတီက အောက်တိုဘာ ၉ ရက်မှာ ကြေညာပါတယ်။
မစ္စ နာဗီ ပီလေးဟာ တောင်အာဖရိကနိုင်ငံက ဥပဒေပညာရှင်၊ တရားသူကြီးနဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးဟောင်းလည်းဖြစ်ပြီး ငြိမ်းချမ်းရေးနဲ့ နိုင်ငံတကာဥပဒေ မြှင့်တင်ရေးအတွက် ကြိုးပမ်းမှုတွေကြောင့် ဒီဆုကို ချီးမြှင့်တာလို့ ကော်မတီက ပြောပါတယ်။
ပီလေးဟာ တောင်အာဖရိကနိုင်ငံရဲ့ အသားအရောင်ခွဲခြားမှုစနစ်ကို ဆန့်ကျင်ခဲ့တဲ့ နယ်လ်ဆင် မန်ဒဲလားနဲ့ တခြားတက်ကြွလှုပ်ရှားသူတွေဘက်က ဥပဒေအရ ခုခံကာကွယ်ပေးခဲ့သူ ဖြစ်ပါတယ်။
“နိုင်ငံတွေနဲ့ နိုင်ငံ့ခေါင်းဆောင်တွေကို တာဝန်ခံမှုရှိစေခဲ့ပြီး အကြမ်းဖက်မှုနဲ့ ပဋိပက္ခတွေကြောင့် ထိခိုက်ခဲ့သူတွေအတွက် မျှော်လင့်ချက်တွေ ပေးခဲ့သူ” လို့ နိုဘယ်လ်ကော်မတီက ချီးကျူးထားပါတယ်။
သူဟာ ၂၀၀၈ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
တောင်အာဖရိက တရားရုံးချုပ်ရဲ့ ပထမဆုံး လူဖြူမဟုတ်တဲ့ အမျိုးသမီးတရားသူကြီးဖြစ်ခဲ့ပြီး ရဝမ်ဒါဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးနဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) တို့မှာလည်း တရားသူကြီးအဖြစ် တာဝန်ယူခဲ့ပါတယ်။
ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ မြန်မာနိုင်ငံကို ဂမ်ဘီယာက တရားစွဲထားတဲ့ အမှုမှာလည်း အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့ အထူးတရားသူကြီးအဖြစ် ဂမ်ဘီယာဘက်က ရွေးချယ်ထားသူ ဖြစ်ပါတယ်။
ဒီနှစ် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုအတွက် လူပုဂ္ဂိုလ် ၂၀၈ ယောက်နဲ့ အဖွဲ့အစည်း ၇၉ ခု၊ စုစုပေါင်း ၂၈၇ ခု အဆိုပြုခံခဲ့ရပါတယ်။
ပြီးခဲ့တဲ့နှစ် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာရီယာ ကိုရီနာ မာချာဒို ကတော့ သူ့ရဲ့ နိုဘယ်လ်ဆုတံဆိပ်ကို ဒီနှစ် ဇန်နဝါရီမှာ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ပ်ကို ပေးအပ်ခဲ့ပါတယ်။
ပီလေးကို ဆုငွေ ဆွီဒင်ခရိုနာ ၁၂ သန်း၊ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ သန်းခန့်နဲ့အတူ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုကို ဒီဇင်ဘာ ၁၀ ရက်၊ နော်ဝေနိုင်ငံ အော်စလိုမြို့မှာ ချီးမြှင့်မှာ ဖြစ်ပါတယ်။











