DVB Logo
Home
မြန်မာသတင်း
ပေါက်တော၊ ဆင်အိုင်ရွာကို စစ်တပ်က ဗုံးကြဲ၊ ၇ ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရသူများပြား
DVB
·
October 11, 2026
ပေါက်တော၊ ဆင်အိုင်ရွာကို စစ်တပ်က ဗုံးကြဲ၊ ၇ ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရသူများပြား
1 / 2
Photo: APM
Donate to DVB

ရခိုင်ပြည်နယ်၊ ပေါက်တော (ခေါ်) ဝီရဌာနေမြို့နယ်၊ ဆင်အိုင်ရွာကို စစ်အာဏာရှင်တပ်က အောက်တိုဘာ ၁၀ ရက်ညနေမှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးနဲ့ ကလေးအပါအဝင် အရပ်သား ၇ ယောက် သေဆုံးပြီး ၁၇ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဆင်တက်မော်ကျေးရွာအုပ်စုမှာ ပါဝင်တဲ့ ဆင်အိုင် (ရခိုင်)ကျေးရွာကို မနေ့ ညနေ ၆ နာရီ မိနစ် ၂၀ လောက်မှာ စစ်တပ်က ဂျက်တိုက်လေယာဉ်နဲ့ Y-12 လေယာဉ်တွေ သုံးပြီး ဗုံးကြဲချ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် ဒေသခံ ၇ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး ၁၇ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဝီရဌာနေက ULA/AA နဲ့ နီးစပ်သူက ပြောပါတယ်။

“ဆင်အိုင်ရွာဘက်ကို ဗုံး ၄ လုံးထက်မနည်း ကြဲချခဲ့တာပါ။ လက်ရှိ ကနဦး သိရသလောက်တော့ ၇ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။ အမျိုးသမီးနဲ့ ကလေးငယ်တွေ ပါဝင်သလို ဒဏ်ရာရတဲ့သူတွေလည်း ရှိနေပါသေးတယ်။”

သေဆုံးသွားသူတွေကတော့ ဝီရဌာနေမြို့နယ်၊ ဆင်အိုင်ရွာက ဒေါ်မခင်သန်း (၆၅ နှစ်)၊ ဒေါ်ဦးမြသန်း (၆၄ နှစ်)၊ ဒေါ်ရီရီသန်း (၄၁ နှစ်)၊ ဒေါ်ဝင်းမ (၁၀၀ နှစ်) နဲ့ ဝီရဌာနီမြို့နယ်၊ ကျောက်ဖြူ မွတ်စလင် IDP စခန်းက မာမောက်ချော်ရိန် (မောင်မောင်ဆန်း-၁၉ နှစ်)၊ မနီနီ (၂၈ နှစ်) နဲ့ သားဖြစ်သူ ဆာဟာတ် (၆ နှစ်) တို့ ဖြစ်ကြပါတယ်။

စာရေးဆရာ ဝေဟင်အောင်က “IDP စခန်းက မွတ်စလင်တယောက် သေဆုံးတာကို ကနဦး အတည်ပြုနိုင်ပါတယ်။ မွတ်စလင်အမျိုးသား ယာစိမ်မာရဲ့ သားဖြစ်သူ မောင်မောင်ဆန်း အပါအဝင် ကနဦး သတင်းတွေအရ သေဆုံးသူ ၅ ယောက် ရှိပါပြီ။ ဒဏ်ရာရသူ ၁၀ ကျော်ရှိတယ်ဆိုတာလည်း သိရပါတယ်” လို့DVB ကို ပြောပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေကိုတော့ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးထားရပြီး ဒဏ်ရာရသူ ၁၇ ယောက်ထဲက အမျိုးသမီး အပါအဝင် ၅ ယောက်က ဒဏ်ရာ ပြင်းထန်တယ်လို့ သိရပါတယ်။

လက်ရှိမှာ စစ်တွေ-ပုဏ္ဏားကျွန်း-ဝီရဌာနေ အစပ်က နေရာတွေမှာ ပစ်ခတ်မှုသံတွေကို ပုံမှန် ကြားနေရပြီး နောက်ထပ် ဗုံးလာကြဲမှာကို စိုးရိမ်တာကြောင့် လေကြောင်းအန္တရာယ်ကို သတိထားနေရတယ်လို့ စစ်တွေစစ်ရှောင် သက်ကြီးပိုင်း အမျိုးသမီးတယောက်က ပြောပါတယ်။

“ဟိုကပစ် ဒီကပစ် ပစ်ခတ်သံတွေကို နေ့တိုင်း ကြားနေရပါတယ်။ လေယာဉ်ကို ကြောက်လို့ တရက်မှ အိပ်မပျော်ပါဘူး။ တရွာပြီးတရွာ ပြောင်းပြီး စစ်ရှောင်နေရသလို လေကြောင်းအန္တရာယ်ကိုလည်း သတိထားနေရပါတယ်။ လေယာဉ်သံ ကြားတာနဲ့ နှလုံးတွေ တုန်နေပါပြီ” လို့ ပြောပါတယ်။

ဝီရဌာနေမြို့နယ်အပိုင် ငပြီကျွန်းကို အောက်တိုဘာ ၇ ရက်ကတည်းက ရေတပ်စစ်သင်္ဘောတွေကနေ ကမ်းတက်ဖို့ အကြိမ်ကြိမ် ကြိုးစားနေပေမဲ့ အထိနာပြီး နောက်ဆုတ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီလို အထိနာနေတာကြောင့် စစ်တပ်က ဝီရဌာနေမြို့နယ်ကို ၄ ရက်ဆက်တိုက် ဗုံးကြဲခဲ့တာမို့ ငပြီကျွန်းကျေးရွာ၊ အလယ်ရွာနဲ့ သရက်တောရွာတွေ မီးလောင်ခဲ့ရသလို အခု ဆင်အိုင်ရွာမှာလည်း ဒေသခံတွေ ထိခိုက်သေဆုံးခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013