ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်ထဲက ထန်းကုန်းကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးအပြင် ဒရုန်းနဲ့ပါ ဗုံးကြဲခဲ့လို့ ဒေသခံပြည်သူတယောက် သေဆုံးကာ လူနေအိမ်တွေလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ တောင်ငူခရိုင် တပ်ရင်း ၃၅၀၂ ဆီကနေ သိရပါတယ်။
တောင်ငူခရိုင် တပ်ရင်း ၃၅၀၂ ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုစွန်ရဲက “ထန်းကုန်းရွာမှာ အခုနှစ်စပိုင်းကတည်းက နှစ်ဖက်တိုက်ပွဲဖြစ်ပွားမရှိဘဲနဲ့ တခြားရွာတွေမှာ တပ်စွဲနေတဲ့ စစ်သားတွေက ၂ ရက်ဆက်တိုက် လက်နက်ကြီးအပြင် ဒရုန်းနဲ့ပါ ဗုံးကြဲခဲ့လို့ ပြည်သူ ၈ ယောက်၊ ၉ ယောက်လောက် ဒဏ်ရာရကြပါတယ်။ အဲ့ဒီထဲက အသက် ၂၅ နှစ်ဝန်းကျင်ရှိတဲ့ ကိုစန်းလင်းအောင်ကတော့ ဆေးကုသမှုပေးနေရင်း ဆုံးသွားခဲ့တာပါ။ ကျန်တဲ့ ဒဏ်ရာရသူ တွေကိုတော့ ဆေးကုသမှုတွေ ဆက်လက်ဆောင်ရွက်ပေးနေပါတယ်။ အသက်အန္တရာယ် စိုးရိမ် ရလောက်တဲ့သူတော့ မရှိတော့ပါဘူး” လို့ ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုကြောင့် ထန်းကုန်းကျေးရွာက ပြည်သူပိုင်လူနေအိမ် ၇ လုံးလည်း မီးလောင်ပျက်စီးသွားခဲ့တယ်လို့လည်း ဆိုပါတယ်။
ပဲခူးတိုင်းအခြေစိုက်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ စစ်ရေးတာဝန်ခံတယောက်က “ပထမနေ့က ဒရုန်းနဲ့ဗုံး ၃ လုံး ကြဲခံရတယ်။ နောက်ရက်မှာ လက်နက်ကြီးနဲ့ မီးလောင်ဗုံးလို အရာမျိုးနဲ့ထပ်ပစ်လို့ ထန်းကုန်းရွာထဲကို ကျည် ၂ လုံးကျပြီး အိမ်တွေ မီးလောင်ကုန်တာ” လို့ DVB ကို ပြောပါတယ်။
အဆိုပါ ထန်းကုန်းကျေးရွာကို မတ် ၂၂ ရက် ညနေ ၄ နာရီဝန်းမှာ ပေါက်ကုန်းကျေးရွာနဲ့ ကံကလေးကျေးရွာတွေမှာ တပ်စွဲနေကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒရုန်းနဲ့ဗုံးကြဲချခဲ့ပြီး မတ် ၂၃ ရက်နေ့၊ နေ့လယ် ၁ နာရီဝန်းကျင်မှာတော့ ညောင်ခြေထောက်ကျေးရွာမှာတပ်စွဲနေကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လက်နက်ကြီးနဲ့ပါ ထပ်မံပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
ပဲခူးတိုင်းအတွင်း စစ်ရေးအခြေအနေ တင်းမာနေတဲ့အတွက် ပြည်သူတွေအနေနဲ့ သတိ၀ိရိယထား နေထိုင်သွားလာကြဖို့ တိုက်တွန်းထားတယ်လို့လည်း ပဲခူးတိုင်း အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။
မတ် ၂၀ ရက်က ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်အတွင်းက ရန်ကုန်-ပြည် အဝေးပြးကားလမ်းဘေး အုတ်တွင်းကျေးရွာအနီးမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကွင်းတာ စုံစစ်ဆေးရေးဂိတ်ကို ရှောင်တခင်ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး သေဆုံး ခဲ့သေးတယ်လို့လည်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ ဆီကနေသိရပါတယ်။