DVB Logo
Home
မြန်မာသတင်း
ကလေးနှင့် ဝက်လက်တွင် စစ်တပ် ပစ်ခတ်မီးရှို့မှုကြောင့် ပြည်သူ ၄ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ
DVB
·
July 14, 2023
ကလေးနှင့် ဝက်လက်တွင် စစ်တပ် ပစ်ခတ်မီးရှို့မှုကြောင့် ပြည်သူ ၄ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ
1 / 2
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ထဲက စစ်ကောင်စီ တပ်စွဲထားတဲ့ နေရာတွေနဲ့ အမြောက်တပ်တို့က လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ လင်မယား ၂ ဦး သေဆုံးပြီး အသက် ၃ နှစ်အရွယ် ကလေးငယ်တဦးနဲ့ အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇူလိုင် ၁၃ ရက် ည ၈ နာရီ ၂၂ မိနစ်လောက်ကနေ စတင်ကာ ည ၁၀ နာရီဝန်းကျင်လောက်အထိ ကလေးမြို့ စစ်ကောင်စီ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ဒကစ၊ အမြောက်တပ်နဲ့ တခြားနေရာ တော်တော်များများကနေ ဆက်တိုက်ပစ်ခတ်ခဲ့လို့ နေအိမ်တွေလည်း ပျက်စီးခဲ့ရတယ်လို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

“၅ လပိုင်း ၁၀ ရက်နေ့ကစပြီး ဆက်တိုက်ဆိုသလို ပစ်နေတော့တာပဲ။ မြို့ထဲ အမြောက်တပ်၊ ဒကစ၊ တောင်ဖီလာ၊ GTC ဝင်း၊ အဖွဲ့စစ်ဂိတ်၊ မဟာအောင်မြေဘုန်းကြီးကျောင်း၊ အမြောက်တပ်ကတော့ အဆိုးဆုံးပါပဲ။ သေဆုံးသူ လင်မယားနှစ်ယောက်ကိုတော့ အလောင်းပြင်ထားပြီးပြီဗျ။”

စစ်ကောင်စီတပ်ရဲ့ ဒေသခံတွေနေထိုင်ရာ ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ စီးစံကျေးရွာက အသက် ၂၅ နှစ်အရွယ် ဦးလာလာလ်နဲ့ ဇနီး Nu Lal Pek Hlu တို့ နေရာတင် သေဆုံးခဲ့ကြပြီး အိမ် ၁ လုံးပျက်စီးခဲ့ကာ စက္ကန့်ကျေးရွာထဲက ရွာသား ၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မြို့လှရွာက လူမနေတဲ့အိမ်တလုံးလည်း ပျက်စီးခဲ့ပြီး ရှားတောကျေးရွာနဲ့ စီးစံကျေးရွာ နေအိမ်တွေပေါ် လက်နက်ကြီးကျည် ကျရောက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ လက်နက်ကြီးကျရောက်ခဲ့တဲ့ ရွာတွေက ကလေးမြို့ရဲ့ အနောက်တောင်ဘက် ဝေဘူလတောင်ခြေမှာ တည်ရှိပြီး အခုလို ပစ်ခတ်နေတာက တကြိမ် နှစ်ကြိမ် မဟုတ်တော့ဘဲ ဇူလိုင် ၁၁ ရက်ကလည်း စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ကလေးမြို့၊ တောင်ဖီလာရပ်ကွက်၊ အမှတ် ၁၄ စာသင်ကျောင်းအနီးကို ကျရောက်ခဲ့တာကြောင့် အသက် ၅၀ အရွယ် အမျိုးသမီးတဦး သေဆုံးကာ အမျိုးသားတဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လလယ်လောက်ကစတင်ပြီး ကလေး-တမူး ကားလမ်းနားက ပန်းသာကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲတွေ နေ့စဥ်လို ဖြစ်ပွားနေတာကြောင့် ကလေး-တမူးလမ်းကို အသုံးမပြုကြဖို့ တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဇူလိုင် ၁၂ ရက်မှာ မေတ္တာရပ်ခံထားပါတယ်။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ သုံးဆင့်ကန်ရွာကို စစ်ကောင်စီစစ်ကြောင်းက ဇူလိုင် ၁၃ ရက် မနက် ၆ နာရီမှာ မီးရှို့ခဲ့ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ရှင်းလင်းရေးဝင်ချိန်မှာ ပြည်သူတဦး မီးလောင် သေဆုံးနေတာကို တွေ့ခဲ့ရတယ်လို့ ဝက်လက်မြို့နယ် ထောက်ပို့အဖွဲ့ကနေ သိရပါတယ်။

ဝက်လက်မြို့နယ် သာလိုင်းရွာကို ဇူလိုင် ၁၂ ရက်မှာ စစ်ကောင်စီစစ်ကြောင်းက ပစ်ခတ် ဝင်ရောက်ခဲ့တာကြောင့် အမျိုးသားတဦး ထိမှန်သေဆုံးခဲ့တယ်လို့ ကိုဖေဖော်ဝါရီဝမ်းက ပြောပါတယ်။

“သူတို့အင်အားက ၇၀ လောက်ရှိတယ်။ သာလိုင်းရွာကို ပစ်ခတ်ဝင်တော့ ကျန်းမာရေးမကောင်းလို့ မပြေးနိုင်တဲ့ ဦးသံချောင်းကို ပစ်သတ်တယ်။ သာလိုင်းကနေ သုံးဆင့်ကန်ဝင်ပြီး ညတပ်စွဲတယ်။ မနက်မှမီးရှို့တာ။”

သာလိုင်းရွာက ပစ်သတ်ခံရတဲ့ ​ခြေထောက်မသန်တဲ့ အသက် ၆၀ အရွယ် အမျိုးသားကို ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သင်္ဂြိုဟ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

သုံးဆင့်ကန်ရွာက မီးလောင်သေဆုံးသူကတော့ အသက် ၆၀ အရွယ် အမျိုးသားတဦးဖြစ်ပြီး ​လေဖြတ်နေတဲ့သူ ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့ သုံးဆင့်ကန်ရွာကို မီးရှို့တာကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးခဲ့ပြီး အဲဒီစစ်ကြောင်းဟာ ပေါက်ကန်ရွာကိုလည်း မီးရှို့ပြီး ထန်းကြီးဘူတာဘက် ထွက်သွားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013