Home
မြန်မာသတင်း
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ်
DVB
·
July 10, 2023

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပါတယ်။

နောင်ကျန်ကျေးရွာအုပ်စု ဂူဝကျေးရွာအနီး ဘုရင်ညီနောင်ဂူနဲ့ ဝါးပိုးတောလမ်းဆုံမှာ ရှိတဲ့ တံတားတစင်း ဖောက်ခွဲခံခဲ့ရတာဖြစ်ပြီး တံတားအောက်ခြေနဲ့ လက်ရမ်းတို့ ပျက်စီးခဲ့ကာ တံတားအလယ်မှာ အက်ကွဲကြောင်းတခု ဖြစ်ပေါ်ခဲ့ပါတယ်။

နောင်ကျန်ရွာခံတဦးက “မနက်ကတော့ စစ်ဆေးပြီး ကားတွေ အသွားအလာပိတ်လိုက်တယ်။ ၉ နာရီခွဲလောက် ကျတော့ ကားသေးတွေ ပေးဖြတ်တယ်။ နေ့လယ် ၁၂ လောက်ရောက်တော့ ကားကြီးတွေပါ ပုံမှန်အတိုင်း ပေးဖြတ်လိုက်ပါပြီ။ ဘယ်သူကခွဲလဲဆိုတာတော့ အခုထိ မသိသေးပါဘူး” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၉ ရက်ကလည်း ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်ရှိ သထုံမြို့နယ်နဲ့ ဘီးလင်းမြို့နယ်အကြားက ကျုံအိတ်တံတား ဖောက်ခွဲခံခဲ့ရပါသေးတယ်။

ကေအန်ယူ - ညောင်လေးပင်ခရိုင် တပ်မဟာ ၃ နယ်မြေ ကျောက်တံခါးမြို့နယ်ရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့  စစ်ကောင်စီတပ်နဲ့  KNLA၊ PDF ပူးပေါင်းတပ်တွေအကြား နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KNLA PDF ပူးပေါင်းတပ်ဖွဲ့ကနေသိရပါတယ်။

နံဇရွာနဲ့ ပေါက်ပင်ကုန်းကျေးရွာတွေဘက်မှာ ဇူလိုင် ၅ ရက်က အင်အား ၁၅၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်ကို KNLA နဲ့  PDF ပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့တဲ့ နှစ်ရက် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၂၅ ဦးဝန်းကျင် သေဆုံးခဲ့ပါတယ်။

ဇူလိုင် ၅ ရက်နေ့တိုက်ပွဲမှာ မနက် ၂ နာရီခွဲလောက်ကနေ မိုးလင်းချိန်အထိ အပြန်အလှန်ပစ်ခတ် တိုက်ခိုက်ခဲ့ကြတာမှာ စစ်ကောင်စီက  ၁၅ ဦးခန့်သေဆုံးခဲ့တာပါ။

ဇူလိုင် ၆ ရက် ညနေ ၅ နာရီလောက်မှာ စစ်ကောင်စီတပ်ဘက်က ၃ ဖွဲ့ခွဲကာ နံဇရွာသို့ ထပ်မံစစ် ကြောင်းထိုးလာရာ နံဇနဲ့ ပေါက်ပင်ကုန်းကြားတံတားအနီးမှာ ည ၇ နာရီကျော်အထိ တိုက်ပွဲပြင်းထန်ဖြစ်ပွားတယ်လို့ KNLA PDF ပူးပေါင်းတပ်ဖွဲ့ဘက်ကပြောပါတယ်။

စစ်ကောင်စီတပ်စစ်ကြောင်းဟာ တိုက်ခိုက်ခံရပြီး အထိနာသွားသောကြောင့် ဇူလိုင် ၉ရက်မနက်ပိုင်းမှာ နံဇရွာအရှေ့ဘက် စဥ်းအိုးလဟာကျေးရွာသို့ဝင်ရောက်ပြီး ပြည်သူ့နေထိုင်တဲ့အိုးအိမ်တွေကို  မီးရှို့ဖျက်ဆီးသွားခဲ့ပါတယ်။

ပဲခူးတိုင်းထဲမှာ စစ်ကောင်စီတပ်နဲ့ KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာ တိုက်ပွဲတွေ ပြင်းထန်လာနေသလို စစ်ကောင်စီတပ်ဘက်အထိနာအကျဆုံးတွေလည်းများပြားထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024