DVB Logo
Home
Lead Story
သီအိုရီတော်လှန်ရေးမှသည် လက်တွေ့တော်လှန်ရေးဆီသို့…
DVB
·
July 9, 2023
သီအိုရီတော်လှန်ရေးမှသည် လက်တွေ့တော်လှန်ရေးဆီသို့…
Donate to DVB

မင်းတို့ ဘယ်သူ့မှ အားကိုးမနေနဲ့၊ ကိုယ့်အားကိုယ်ကိုး။ ငါတို့ တိုင်းရင်းသား လက်နက်ကိုင်‌အဖွဲ့တွေကိုလည်း သိပ်အားကိုးမနေနဲ့။ ငါတို့က ကိန်းသေတွေ။ ငါတို့ နှစ် ၇၀ ကျော် တော်လှန်ရေးလုပ်လာတာ။ သူတို့ကလည်း ငါတို့အကြောင်းကို ကောင်းကောင်းသိတယ်။ ငါတို့ကလည်း သူတို့အကြောင်း ကောင်းကောင်းသိတယ်။ သူတို့လည်း ငါတို့ကို အပြုတ်မတိုက်နိုင်သလို ငါတို့ကလည်း သူတို့ရှိတဲ့မြို့အထိ သွားပြီး မသိမ်းပိုက်နိုင်ဘူး။

သင်္ချာ ‌တော်လှန်ရေး

အဲဒီတော့ သင်္ချာသဘောတရားအရ ပုံသေနည်းအရ ငါတို့က ကိန်းသေတွေပဲ။ သူတို့ကလည်း ငါတို့ကို မကြောက်ဘူး။ ငါတို့ကလည်း ကိုယ့်နယ်မြေကို ထိန်းချုပ်နိုင်ရင် တော်ပြီ။ မင်းတို့ကမှ အားမကောင်းရင် ငါတို့က ဘာမှလုပ်ပေးလို့မရဘူး။ ဒါ့ကြောင့် မင်းတို့လူငယ်တွေက ကိန်းရှင်တွေပဲ။ မင်းတို့ကို သူတို့ တွက်ဆလို့မရဘူး။ သူတို့ မင်းတို့ကိုတော့ကြောက်တယ်။ မင်းတို့ ကိုယ့်လမ်းကိုယ်ဖောက်ကြ။ ကိုယ့်အင်အားကို ကိုယ်တည်ဆောက်ကြ။

PDF မရှိရင် NUG ဘာဖြစ်မလဲ

နောက်ဆုံး ကုန်ကုန်ပြောမယ်။ မင်းတို့ ထောက်ခံနေရတဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရတောင် မင်းတို့အပေါ်မူတည်တယ်။ မင်းတို့ကျရှုံးရင် သူတို့လည်း လေထဲမှာပဲ ပျောက်သွားမှာ။ ငါပြောချင်တာက မင်းတို့ နွေဦးတော်လှန်ရေးက မင်းတို့လူငယ်တွေရဲ့ လက်ထဲမှာပဲ ရှိတယ်ဆိုတာ ငါပြောချင်တာပဲ။ မင်းတို့လူငယ်တွေက သေရဲတယ်၊ တိုက်ရဲတယ်၊ နိုင်ရဲတယ်၊ ရှုံးရဲတယ်၊ ငါတို့လူကြီးတွေက အေးဆေးပဲ နေချင်ကြတော့တယ်။ မင်းတို့ဦးဆောင်မှုနောက်က ပံ့ပိုးကူညီရုံပဲ။

ဒါက လက်ရှိ လက်တွေ့ တော်လှန်ရေးပဲ။

တော်လှန်ရေးဂျမ်းတုံး NCA

ဒီမှာက တချို့လူကြီးတွေက NCA အတိုင်း သွားနေတာလည်းရှိတယ်။ ဒါ့ကြောင့် မင်းတို့ကို ပေါ်ပေါ်လွင်လွင် မထောက်ခံချင်ကြဘူး။ ငါတို့ဘာသာ အရဲစွန့်ပြီး အခြေအနေကြည့်ပြီး လုပ်ပေးနေရတာ။ ငါလည်း စိတ်မကောင်းဘူး။ ဗိုလ်ထွန်းမြတ်နိုင်လို လူငယ်ခေါင်းဆောင်တွေ ပါလာရင်တော့ ငါအားပေးတယ်။ သူ့နိုင်ငံရေးတွေ ဘာတွေတော့ ငါနားမလည်ဘူး။ ဒါပေမဲ့ ‌ဒီ လေး ငါး ဆယ်နှစ် အတောအတွင်းမှာ တပ်မတော်တခုထူထောင်ပြီး သူ့ပြည်နယ်ကို ရအောင်ယူသွားနိုင်တာကိုတော့ ငါချီးကျူးတယ်ကွာ။ သူ့တပ်မတော်ကို အင်အား ၁၅ ယောက်လောက်နဲ့ပဲ စတာပဲ။ KIA မှာ သင်တန်းတက်သွားပြီး စလုပ်တာပဲ။ သူ့ရဲ့ ပညာအရည်အချင်းဆိုရင် သူက ဧည့်လမ်းညွှန်တယောက်ပဲကွာ။

စစ်တပ်တတပ် ထူထောင်ဖို့ လွယ်သလား ခက်သလား

တပ်မတော်တခု ထူထောင်တော့မယ်ဆိုရင် ကိုယ့်ရဲ့စစ်သား၊ ရဲဘော်တယောက်အတွက် ယူနီဖောင်းအပြည့်အစုံ၊ စစ်အသုံးဆောင် Equipment အပြည့်အစုံနဲ့ လက်နက်တပ်ဆင်အပြီး ‌ဘယ်လောက်ကျတယ်။ တရက်တာ စားရေရိက္ခာ ဘယ်လောက်ရှိတယ်။ တလဆိုရင် ဘယ်လောက်ရှိမယ်။ တပ်စိပ်တစိပ်ရဲ့ တလတာ ကုန်ကျစရိတ်က ဘယ်၍ဘယ်မျှရှိတယ်။ ပြည်သူလူထုရဲ့ ပုံမှန်ထောက်ပံ့မှုက ဘယ်လို စသဖြင့် စနစ်တကျ တွက်ချက်ပြီးမှ ထူထောင်လို့ရတယ်။ နောက်ပြီး ခေါင်းဆောင်မှုအပိုင်းက ပိုအရေးကြီးတယ်။ ကိုယ့်တပ်စိပ်ကို ဘယ်လိုစစ်စည်းကမ်းတွေ ချမှတ်မလဲ။ ကိုယ့်ရဲ့တပ်က ဘယ်မူဝါဒကို ဆုပ်ကိုင်ပြီးသွားမယ်။ ဘယ်သူတွေနဲ့ မဟာမိတ်လုပ်မယ်။ တပ်သားအသစ်တွေကို ဘယ်လိုမူဝါဒနဲ့ လက်ခံမယ်။ ပြင်ပဆက်ဆံရေး အခြေအနေ စသည်ဖြင့် အသေးစိတ်အချက်အလက်တွေက ရှိတယ်။ ဒါတွေက လက်တွေ့တော်လှန်ရေးလုပ်နေကြတဲ့ PDF လူငယ်တွေ သိဖို့လိုပါတယ်။ ၁*

ပထဝီ စစ်ရေးပိုင်မှ စစ်နိုင်မယ်

နောက်ထပ် အရေးကြီးတာ ရှိသေးတယ်။ ရန်သူကို ဘယ်နယ်မြေကနေ စပြီး ထိုးစစ်ဆင်မလဲ။ ရန်သူ့အခြေအနေနဲ့ ပထဝီမြေပြင်အနေအထားကို ကိုယ်ဘယ်လောက်ထိ သိအောင် လုပ်ပြီးသွားပြီလဲ။ ရန်သူမှာ လူအင်အား ဘယ်လောက်ရှိတယ်။ ရန်သူ့ရဲ့ ခေါင်းဆောင်တပ်မှူးက ဘယ်သူလဲ။ စားနပ်ရိက္ခာ အခြေအနေ။ ထောက်ပို့လမ်းကြောင်း အခြေအနေ။ ချီတက်ရာနဲ့၊ ဆုတ်ခွာရာလမ်းကြောင်း အခြေအနေတွေ စသည်ဖြင့် အသေးစိတ် သိရဦးမယ်။ ပြီးပြီဆိုရင် မိမိအခြေအနေကိုလည်း ကောင်းစွာသိရမယ်။ ပိုအရေးကြီးတယ်။ ဆက်သွယ်ရေးကို ဘယ်လိုစကားဝှက်တွေနဲ့သုံးမယ်။ စသည်ဖြင့်ပေါ့။ ရန်သူအင်အားများရင် ပြောက်ကျားစစ် ဆင်နွှဲရမယ်။

ပြောက်ကျားစစ်ဆိုသည်မှာ

ပြောက်ကျားစစ်ဆိုတာ လူများဖို့မလို။ ဉာဏ်များဖို့သာလိုတယ်။ အင်အားသာဖို့မလို အရည်အချင်းသာဖို့သာ လိုတယ်။ ဒါတွေဟာ လက်တွေ့တော်လှန်ရေးမှာ မသိမဖြစ် သိရမယ့် အရာတွေပဲ။ ‌တော်လှန်ရေးမှာ ပြောက်ကျားစစ် ဆင်နွှဲတော့မယ်ဆိုရင် ပြည်သူလူထုနဲ့ မိမိတို့မှာ ရေကန်ထဲက ရေနဲ့ငါးကဲ့သို့ သဟဇာတမျှပြီး ညီညွတ်နေကြဖို့ အထူးလိုအပ်ပါတယ်။ ရေဟာ ပြည်သူလူထုဖြစ်ပြီး မိမိတို့ ပြောက်ကျားတော်လှန်ရေးသမားတွေက ငါးဖြစ်ပေတယ်။ လူထုနဲ့ ဆက်သွယ်ရေးသော်လည်းကောင်း၊ ဆက်ဆံရေးသော်လည်းကောင်း၊ အကူအညီ အထောက်အပံ့သော်လည်းကောင်း ပြတ်တောက်သွားပြီ၊ ပျက်စီးသွားပြီဆိုရင် ရေမရှိတော့တဲ့ ကန်ထဲက ငါးကဲ့သို့ ဖြတ်ဖြတ်လူးကာ သေဆုံးရမှာ အမှန်ပင်ဖြစ်တယ်။ ဒါ့ကြောင့် ဘယ်လို အခြေအနေပင်ဖြစ်စေ တော်လှန်ရေးသမားဟာ အောက်ခြေပြည်သူလူထုနဲ့ ကင်းကွာလို့ မရစကောင်းပေ။ ရန်သူက တော်လှန်ရေးသမားတွေနဲ့ လူထုနဲ့ ကင်းကွာအောင် ပြုလုပ်ပါက မိမိတို့က နီးကပ်စွာရှိနေအောင် ကြိုးစားအားထုတ်ကြရမယ်။ အဲဒီအချက်ဟာ လက်တွေ့တော်လှန်ရေးရဲ့ အခြေခံအုတ်မြစ်ဖြစ်တယ်။ အခြေခံအုတ်မြစ်ကို ခိုင်မာအောင် တည်‌ဆောက်မထားပါက တော်လှန်ရေးက အောင်မြင်မှာမဟုတ်ပါဘူး။

လမ်းပြသူမှ လမ်းပျောက်သူ

ပကတိအခြေအနေမှာ တခါတလေ လက်တွေ့တော်လှန်ရေးမှာ လမ်းပြသူတွေကလည်း လမ်းပျောက်သူတွေ ဖြစ်သွားတတ်တာကို သတိပြုရမယ်။ ပစ္စုပ္ပန်တည့်တည့်ကြည့်ပြီး အခြေအနေနဲ့ အချိန်အခါကိုကြည့်ကာ စိတ်သစ်လူသစ်နဲ့ တော်လှန်ရေးကို ဆင်နွှဲနိုင်ကြမှ လက်တွေ့အောင်မြင်မှုတွေနဲ့ နီးစပ်မှာဖြစ်ပါတယ်။ လူငယ်တွေကတော့ သူတို့မျှော်လင့်ရာ၊ မျှော်မှန်းရာကို မရောက်မချင်း ချီတက်ကြမှာပါ။ ကိုယ်ယုံကြည်ရာအတွက် အသက်ကို အပ်နှင်းပြီးဖြစ်၍ ကျန်အရာတို့သည်ကား ...။

*၁ ဝါရင့် ကရင်စစ်သားအိုကြီးတဦး၏ ပြောကြားချက်ကို ကိုးကားဖော်ပြထားသည်။

ချစ်မင်းနွဲ့ကြည်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013