
စစ်တပ်အာဏာသိမ်းစကတည်းက ဖမ်းဆီးခံနေရတဲ့ စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်ဟာ ဇွန်လ ၂၉ ရက်က ပြန်လည်လွတ်မြောက်လာပြီး နေအိမ်ကို ပြန်လည်ရောက်ရှိလာပြီလို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားဖော်ပြထားပါတယ်။
“ကံဇာတ်ဆရာရေ… ကျနော်အိမ်ပြန်ရောက်လို့ကျေးဇူးတင်ပါတယ်။ ကျနော့် အမေလည်းဝမ်းသာပါတယ်။ …. အခုတော့ ကျွန်တော် အသက် ၅၀ ပြည့်ခဲ့ပြီ၊ ရှေ့ဆက်တဲ့အသက် ၅၀ နဲ့ ၆၀ ကြား ၁၀ နှစ်ကတော့ အိုဖို့ပဲကျန်ပါတော့တယ်…..ကံဇာတ်ဆရာရေ…… အဲ့ဒါကြောင့်ကံဇာတ်ဆရာအနေနဲ့….. ဘဝပန်းလာပြီဖြစ်တဲ့ကျနော့်ကို… ဒီလောက်နဲ့ပဲကျေနပ်ပါတော့” လို့ ဦးမောင်ဝိတ်က သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
စေပိုင်ဖွံ့ဖြိုးမှုကုမ္ပဏီနဲ့ Myanmar Developer Association - MDA တို့ရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဦးမောင်ဝိတ်ဟာ အန်အယ်လ်ဒီအစိုးရတာဝန်ရှိသူတွေနဲ့ အထူးသဖြင့် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ နီးစပ်တဲ့ ဆက်ဆံရေးရှိတာကြောင့် စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခု ဖေဖော်ဝါရီ ၃ ရက်ကနေ အခု ၂၀၂၃ ခုနှစ် ဇွန်လ ၂၉ ရက်အထိ ၂ နှစ်ခွဲလောက် ဖမ်းဆီးထိန်းသိမ်းခံထားရတာဖြစ်ပါတယ်။
စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် ငွေလှူဒါန်းခဲ့တာကို အကြောင်းပြုပြီး စစ်ကောင်စီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို အဂတိအမှု ၂ မှုနဲ့ စွပ်စွဲကာ ထောင်ဒဏ်တွေချမှတ်ခဲ့ပါတယ်။
ဒီအမှုနဲ့ ပတ်သက်ပြီး တရားရုံးမှာ တရားလိုပြသက်သေအဖြစ် ဦးမောင်ဝိတ် လာရောက်ထွက်ဆိုခဲ့ပြီး ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ငွေကြေးလှူဒါန်းခဲ့တာသာဖြစ်တယ်လို့ ထွက်ဆိုခဲ့ပါတယ်။