ကရင်ပြည်နယ် ကော့ကရိတ်-မြဝတီ (အာရှလမ်း) နတ်စင်ကွေ့အဆင်းမှာ ဇွန် ၂၄ ရက် ညနေ ၄ နာရီလောက်က ၂၂ ဘီးယာဉ်တိမ်းမှောက်ခဲ့တဲ့အတွက် ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ကူညီကယ်ဆယ်ပေးခဲ့တဲ့ လူမှုကယ်ဆယ်ရေးအသင်းဆီက သိရပါတယ်။
မြဝတီမြို့ကနေ ကွန်တိန်နာပုံးတင်ဆောင်မောင်းနှင်လာတဲ့ ၂၂ ဘီးနောက်တွဲယာဉ်ဟာ နတ်စင့်ကွေ့အဆင်းမှာ တိမ်းမှောက်ခဲ့တဲ့အတွက် ယာဉ်မောင်းဟာ ခြေလက် ညှပ် မျက်နှာဖူးရောင် ဒဏ်ရာရရှိခဲ့ပြီး ယာဉ်နောက်လိုက်က ကားခေါင်းအတွင်းညှပ်ပြီး သေဆုံးခဲ့တာပါ။



လူမှုကယ်ဆယ်ရေး အသင်းဝင်တဦးက “မြဝတီကနေ ဆင်းလာတဲ့ကားပဲ။ နတ်စင်ကွေ့အရောက် အဆင်းမှာ ဘရိတ်မနိုင်တော့လို့ဖြစ်မယ်။ ယာဉ်မောင်ကတော့ မစိုးရိမ်ရဘူး။ ယာဉ်နောက်လိုက်ကတာ့ ကားခေါင်းထဲမှာ ညှပ်ပြီးဆုံးသွားတယ်။ တော်တော်ထုတ်ယူရတယ်” လို့ ပြောပါတယ်။
ယာဉ်တိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာရခဲ့တဲ့ ယာဉ်မောင်းကိုတော့ ပုလဲဖြူလူမှုကယ်ဆယ်ရေးအဖွဲ့က ကော့ကရိတ်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပါတယ်။
ကော့ကရိတ်- မြဝတီ (အာရှလမ်း)လမ်းပေါ်က နတ်စင်ကွေ့၊ ကွမ်းခြံကုန်းနေရာတွေဟာ ခရီးသည်တင်ယာဉ်တွေနဲ့ ကုန်တင်ယာဉ်တွေ ယာဉ်မတော်တဆမှု မကြာခဏဖြစ်ပွားတတ်ပြီး ယာဉ်တိမ်းမှောက်မှုကြောင့် အသက်သေဆုံးတာ၊ ယာဉ်တွေ မီးလောင်တာအပြင် ယာဉ်တွေ ပျက်စီးဆုံးရှုံးတာတွေ ရှိနေပါတယ်။
ဇွန် ၁၉ ရက်နေ့ မနက် ၁၁ နာရီလောက်ကလည်း ကွမ်းခြံကုန်းအဆင်းမှာ ယာဉ်တိုက်မှုဖြစ်ပွားခဲ့သလို ညနေ ၃ နာရီလောက်မှာ တနေရာတည်း ယာဉ်တိုက်မှုထပ်မံဖြစ်ပွားခဲ့တဲ့အတွက် ဆိုင်ကယ်မောင်းနှင်တဲ့ အမျိုးသား ၁ ဦးသေဆုံးခဲ့ပြီး ယာဉ်မောင်း ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။