
ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ အမှတ် ၂ ရပ်ကွက်က အသက် ၂၇ နှစ်အရွယ် အမျိုးသားတယောက် ဇွန် ၂၂ ရက် မနက်ပိုင်းက တညင်းသီးအလွန်အကျွံစားကာ Tiger အချိုရည်သောက် ပြီးနောက် အစာအဆိပ်သင့်လို့ သေဆုံးခဲ့ကြောင်း မိသားစုနဲ့ ရပ်ကွက်တာဝန်ရှိသူတွေထံက သိရပါတယ်။
သေဆုံးသူရဲ့ ဖခင်က “သူက အိမ်မှာ တညင်းသီးနဲ့ ထမင်းစားတယ်။ တညင်းသီးအလုံး ၃၀ လောက်အထိ အစားများသွားတော့ နေမကောင်းသလိုဖြစ်လာတော့ အိမ်ရှေ့ကွမ်းယာဆိုင်ကနေ ဘင်္ဂလားက လာတဲ့ Tiger အချိုရည်တဘူး သောက်လိုက်တာ ပိုပြီး နေမကောင်းဖြစ်လာတဲ့အတွက် ဝမောင်ဆေးရုံကို ပို့လိုက်ရတယ်။ ဆေးကုသရင်းနဲ့ မနက်အရုဏ်အချိန်မှာ ဆုံးသွားတာပါ” လို့ ပြောပါတယ်။
သေဆုံးသွားသူမှာ မောင်တောမြို့ အမှတ်(၂)ရပ်ကွက် ရှိ မာမတ်အာယု ၂၇ နှစ် (ဘ) မာမတ်ဟာချီး ဖြစ်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးတာဝန်ရှိသူတွေထံမှသိရပါတယ်။
ရွာလူကြီးတဦးက"သူကတညင်းသီးလည်းအစားများသွားတယ်လို့သိရတယ်။ အစားများရင်လည်း သံပရာသီးတို့ သံပရာရည်တို့ သောက်ရမှာ အခုက ဘင်္ဂလားကလာတဲ့ Tiger အချိုရည်ကလည်း သူတို့အမြဲသောက်နေကျဆိုတော သောက်လိုက်တာနေမှာပါ။"လို့ ပြောပါတယ်။
Tiger အချိုရည်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကထုတ်လုပ်တဲ့ အချိုရည်တမျိုးဖြစ်ပြီး မောင်တောဒေသက မွတ်ဆလင်လူမျိုးတွေ သောက်သုံးမှုများတဲ့ အချိုရည်လည်း ဖြစ်ပါတယ်။
မာမတ်အာယု သေဆုံးမှုဟာ တညင်းသီးနဲ့ အချိုရည်တွဲစားတာကြောင့် ဟုတ်မဟုတ် ကျန်းမာရေး ကျွမ်းကျင်သူတွေနဲ့ သက်ဆိုင်ရာတာဝန်ရှိသူ တွေထံက မှတ်ချက်တော့ မရသေးပါဘူး။