
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ ဇွန် ၂၁ ရက် မနက် ၁၀ နာရီခွဲလောက်ကစတင်ပြီး နှစ်ဖက် တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီးနောက် လက်ရှိမှာ စစ်ရေးတင်းမာနေတဲ့အပြင် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားဖို့ရှိတယ်လို့ KNLA တပ်မှူးတယောက်က ပြောပါတယ်။
ဇွန် ၂၁ ရက် မနက် ၁၀ နာရီခွဲလောက်က ကော့ကရိတ်မြို့အခြေစိုက် စစ်ကောင်စီရဲ့ ခလရ ၉၇ တပ်ရင်းကို KNLA ပူးပေါင်းတပ်တွေက လက်နက်ကြီးနဲ့ စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် ကော့ကရိတ်-မြဝတီ အာရှလမ်းဘေး ပုလဲဖြူလူမှုကယ်ဆယ်ရေးရုံးအနီးက ထန်တောသုသာန်မှာ စစ်ကောင်စီတပ်တွေနဲ့ ညနေ ၅ ခွဲလောက်အထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။
နှစ်ဖက်တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်တွေက လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်ခဲ့တဲ့အပြင် ဇွန် ၂၂ ရက်နေ့အထိ ဆက်လက်ပစ်ခတ်နေပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မှူး စောကျော်သက်က “တိုက်ပွဲက မနေ့က ညနေ ၅ နာရီခွဲလောက်အထိ ဖြစ်တယ်။ စစ်ကောင်စီက လက်နက်ကြီး တောက်လျှောက်ပစ်နေတယ်။ လေကြောင်းကတော့ မနက်က လေယာဉ်တော့ လာဝဲသွားတယ်၊ မပစ်သွားဘူး။ နှစ်ဖက် စစ်ရေးတင်းမာနေတော့ တိုက်ပွဲက ဆက်ဖြစ်ဖို့ရှိတယ်” လို့ ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၅ ယောက်သေဆုံးပြီး ဒဏ်ရာရရှိသူတွေ ရှိသလို KNLA ပူးပေါင်းတပ်ဘက်က ရဲဘော်တယောက် ကျဆုံးပြီး တယောက် ဒဏ်ရာရရှိခဲ့တယ်လို့ တပ်မှူးဆီက သိရပေမဲ့ စစ်ကောင်စီတပ်ဘက်က သေဆုံးဒဏ်ရာရရှိတဲ့ အခြေအနေကို ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
နှစ်ဖက်တိုက်ပွဲတွေကြောင့် ကော့ကရိတ်မြို့ပေါ်မှာ စာသင်ကြားနေတဲ့ ကျောင်းသား ကျောင်းသူတွေကို ကျောင်းလွှတ်ပေးခဲ့ရသလို မြို့တွင်းမှာ စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့် ပူးပေါင်းတပ်ဖွဲ့တွေကို အင်အားဖြည့်တင်းထားပြီး မြို့ဝင်မြို့ထွက်တွေကို ပိုမိုစစ်ဆေးနေတယ်လို့ မြို့ခံပြည်သူတဦးက ပြောပါတယ်။
စစ်ကောင်စီရဲ့ စကခ ၁၂ လက်အောက်ခံ အမြောက်တပ်နဲ့ ခလရ ၉၇ တပ်ရင်းကနေ ကော့ကရိတ်မြို့ အနီးတဝိုက်က ကျေးရွာတွေကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ နေ့တိုင်းလိုလို လက်နက်ကြီးတွေ ပစ်ခတ်နေတဲ့အတွက် ထွက်ပြေးတိမ်းရှောင်နေရတဲ့အပြင် မိုးကာလ လယ်ယာနဲ့ ဥယျာဉ်ခြံလုပ်ငန်းတွေကို ဝင်ရောက်မလုပ်ကိုင်ရတဲ့အတွက် မိသားစု စားဝတ်နေရေးအတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။