
စစ်ကိုင်းတိုင်း၊ ကနီမြို့၊ ရပ်ကွက် ၃၊ ကြို့ပင်လှအရပ်အနီး၊ ယာကြီး-ကနီ-ချောင်မလမ်းဆုံ သုံးထောင့်ချွန်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ဇွန် ၁၉ ရက် မနက် ၇ နာရီလောက်မှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အဆိုပါ နှစ်ဖက်ထိတွေ့တိုက်ပွဲမှာ ဒေသခံပြည်သူတွေ သေဆုံးမှုရှိတယ်လို့ ကနီမြို့ အမှတ် ၃ ရပ်ကွက်နေ ပြည်သူတွေထံကနေ သိရပါတယ်။
ကနီ ရပ်ကွက် ၃ နေ ပြည်သူတဦးက “အဲဘက်မှာက ဝန်ထမ်းအိမ်ရာရှိတယ်။ အဲဒီ ဝန်ထမ်းအိမ်ရာဘက်ကို ကင်းလှည့်ရင်း ထိတွေ့တိုက်ပွဲ ဖြစ်ပွားကြတယ်။ အဲလို တိုက်ပွဲဖြစ်ပွားပြီး ကျနော်တို့ ရပ်ကွက် ၃ ထဲက အမျိုးသမီးတဦး ဦးခေါင်းကျည်ထိမှန် သေတယ်ဗျ။ နောက်ထပ် ၃ ဦးကတော့ တင်ပါး၊ လက်မောင်း၊ ခြေသလုံးတွေ ကျည်ထိမှန်တာတွေလည်း ရှိခဲ့တယ်။ ဘယ်ဘက်ကပစ်တယ် ဆိုတာတော့ အတိအကျမသိဘူး။ သေဆုံးသူနဲ့ ဒဏ်ရာကသူတွေက အမျိုးသမီးတွေပါ” လို့ ပြောပါတယ်။
အဲဒီတိုက်ပွဲဖြစ်ပွားပြီး ရဲ ၃ ဦး သေဆုံးကာ သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် ၃၀ DRPA တပ်ရင်းရဲ့ တာဝန်ရှိသူ ဗိုလ်လင်းနွေက ဒီဗွီဘီကို အခုလိုပြောပါတယ်။
“အခုလို ဇွန် ၁၉ ရက် အမေစုမွေးနေ့ အမှတ်တရ (--) ၃ ကောင်ကို သုတ်သင်လိုက်နိုင်တာ ပျော်စရာတခုပဲဗျ။ သေဆုံးတာက ရဲ ၃ ဦးပါ။ သေဆုံးတဲ့ ရဲတဦးရဲ့ ရုပ်အလောင်းနဲ့ သက်ဆိုင်တဲ့ ပစ္စည်းတွေကို ကျနော်တို့ သိမ်းဆည်းနိုင်ခဲ့တယ်။ ဘာပစ္စည်းတွေလဲဆိုတော့ G3 အမျိုးအစား မောင်းပြန် ၁ လက်၊ G3 ကျည်အတောင့် ၉ဝ၊ G3 ကျည်ဘောက် ၃ ခု၊ ဖုန်း ၁ လုံး၊ စကားပြောစက် ၁ လုံး၊ စာရွက်စာတမ်းများ၊ ငွေကျပ် ၂ သိန်းနဲ့ ကျည်ကာ ၂ ထည်တို့ကို သိမ်းဆည်းရမိခဲ့တယ်။”
စစ်ကောင်စီတပ်ဘက်က အခုလို တိုက်ပွဲဖြစ်ပွားပြီး မြို့အတွင်းကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသန်းပစ်ခတ်တာတွေ ပြုလုပ်ခဲ့ပေမဲ့ DRPA အဖွဲ့ရဲ့ ရဲဘော်တွေ အထိအခိုက်မရှိ ပြန်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ DRPA အဖွဲ့ တာဝန်ရှိသူက ဆိုပါတယ်။
အခုလို ကနီမြို့အနီး စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က မြို့အဝင်အထွက်တွေကို စစ်ဆေးရေးတွေ တင်းတင်းကျပ်ကျပ် ပြုလုပ်နေတယ်လို့လည်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။