Home
မြန်မာသတင်း
မိုးဗြဲတွင် အမျိုးသမီးငယ် ၂ ဦးကို  စစ်တပ်က အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့ပြီး  ဖခင်ကိုပါပစ်သတ်ခဲ့
DVB
·
June 10, 2023

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့၊ စည်ကားရပ်ကွက်မှာနေထိုင်တဲ့ ဇွန် ၈ ရက်နေ့က အမျိုးသမီးငယ်နှစ်ယောက်ကို စစ်ကောင်စီတပ်သားတွေက အဓမ္မပြုကျင့်ပြီး ဖခင်ဖြစ်သူကိုပါ သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့  ဒေသခံတွေက ပြောပါတယ်။

အဓမ္မကျင့်ခံရတဲ့ သမီးနှစ်‌ယောက်နဲ့အတူ ဖခင်ဖြစ်သူပါ ပစ်သတ်ခံထားရတာဖြစ်ပြီး သေဆုံးနေတဲ့အလောင်းတွေကို  ဇွန် ၉ ရက်က ကယ်ဆယ်ရေးအဖွဲတွေက နေအိမ်အပြင်ဘက်နဲ့ အိမ်ကြိုအိမ်ကြားတွေကနေ တွေ့ရှိခဲ့တာလို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။

“မုဒိန်းကျင့်ခံရတဲ့ အသက် ၂၀ ကျော် အမျိုးသမီးနှစ်ယောက်နဲ့ သူတို့အဖေအပါ၊ သုံးယောက်စလုံးကို  တပြိုင်တည်း သတ်သွားတယ်။ ဦးခေါင်းတွေကြေမွသွားတယ်။ တခြားမိသားစုဝင်မရှိဘူး၊ သူတို့ (စစ်ကောင်စီတပ်) မြို့ပေါ်မှာလာထိုင်ကတည်းက လမ်းသွားလမ်းလာရော နေအိမ်မှာရှိတဲ့သူတွေရော သတ်ဖြတ်သွားတာ။” 

လတ်တလောမှာ  စစ်ကောင်စီက  ရှမ်း-ကယားနယ်စပ်အနီးက ဆောင်းပြောင်းနဲ့ ဖယ်ခုံလမ်းမကြီးတွေကို ထိန်းချုပ်ထားပါတယ်။

မိုးဗြဲမြို့ကိုပါ ထိန်းချုပ်နိုင်ဖို့ မြို့အဝင်အထွက်ကို ပိတ်ဆို့ကာ လူအင်အားဖြည့်တင်ထားသလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နှစ်ဖက်စစ်ရေးတင်းမာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည် ထိမှန်သေဆုံးသူနဲ့ ဖမ်းဆီးသတ်ဖြတ်ခံရသူ အသက် ၁၀ နှစ်အရွယ် ကလေးတဦးအပါအဝင် အရပ်သား ၉ ဦးထိ ရှိနေပြီဖြစ်သလို ကျန်ရှိနေသေးတဲ့ အလောင်းတွေကို ဆက်လက်ရှာဖွေနေတုန်းပဲလို့ ဒေသခံတွေဆီက သိရပါတယ်။

အဆိုပါ ပစ်ခတ်သတ်ဖြတ်မှုတွေနဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့  သတင်းထုတ်ပြန်တာ မရှိပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024