Home
မြန်မာသတင်း
မြိုင်မြို့ကို ရိက္ခာပို့သည့် စစ်ယာဉ်တန်း မိုင်းဆွဲခံရ၊ အရာတော်၌ လေ့ကျင့်ရေးတပ် ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခံရ
DVB
·
June 8, 2023

မကွေးတိုင်း၊ ပခုက္ကူမြို့ကနေပြီး မြိုင်မြို့ကို ရိက္ခာလာပို့တဲ့ စစ်ကောင်စီယာဉ်တန်းကို သတင်းအရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက စောင့်ဆိုင်းပြီး ၃ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ရာမှာ စစ်ကောင်စီလက်အောက်ခံ ပျူစောထီး ၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဇွန် ၇ ရက် နေ့လယ် ၁၂ နာရီခွဲလောက်က ကမ္မနဲ့ ကန်တော်ကြားမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက အတွင်းသတင်းပေးအရ စောင့်ဆိုင်းခဲ့တာဖြစ်ပြီး ပြည်သူတွေ မထိခိုက်ဖို့ အဓိက အလေးထား ဆောင်ရွက်ခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မြိုင်ပကဖ ခေါင်းဆောင် ဗိုလ်လက်ယာက ဒီဗွီဘီကို ပြောပါတယ်။

“သူတို့ဘက်က အတွင်းသတင်းပေးက သတင်းအတိအကျပေးတာနဲ့ လမ်းပတ်ဝန်းကျင်ကို ပြည်သူတွေ မလာရောက်ဖို့ ကြိုတင်သတိပေးခဲ့ပါတယ်။ ပြီးတော့ ဖြစ်စဥ်နေရာက အလှမ်းလည်းဝေးပါတယ်ဗျ။ ပျူ ၃ ယောက် သေတာကတော့ မျက်မြင်ပါ။ ကိုယ်တိုင် တက်ပစ်ခဲ့တာကိုး။ သူတို့ကို အရင်မိုင်းဆွဲတာ သုံးကြိမ်၊ အဲ့နားမှာပဲ စစ်ကောင်စီဘက်ကနေပြီးတော့ အင်အား ၁၇၀ ဝန်းကျင်လောက်ရှိပြီး ကင်းပုန်းစောင့်နေတာ၊ အဲ့ဒါတွေကို ပစ်ခတ်ခဲ့ပါတယ်။ သီးခြားပြောချင်တာက စစ်ကောင်စီအနေနဲ့ လေယာဥ်နဲ့ပဲလာလာ မြေပြင်ကပဲလာလာ စောင့်ကြိုနေပါတယ် ဆိုတာကို သိစေချင်တယ်။”

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုအပြီး စစ်ကောင်စီတပ်ဘက်က ညောင်ကျစ်ပင်ရွာနားကို မိုင်းရှင်းထွက်လာခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းနဲ့တိုက်ခိုက်ခဲ့ရာ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တပ်ပြန်ခေါက်သွားခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုတွေကို မြိုင် ပကဖ တပ်ရင်းနဲ့ ပူးပေါင်းမဟာမိတ်တွေက ပြုလုပ်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်တွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းမှာလည်း အရာတော်မြို့အရှေ့ဘက်ရှိ စစ်ကောင်စီ လေ့ကျင့်ရေးတပ် ၁၀ ကို ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့က ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေကနေ သိရပါတယ်။

Danger Force LPDF အဖွဲ့ တာဝန်ရှိသူ ဗိုလ်ရန်ရှင်းက “ကျနော်တို့သွားပစ်တာက ဇွန် ၆ ရက် နေ့လယ် ၂ နာရီက သွားပစ်ခဲ့တာဗျ။ ပစ်တာက ၁၀၇ မမ ရှော့တိုက်ဒုံးနဲ့ ပစ်ခဲ့တာ။ ပစ်တဲ့အလုံးအရေအတွက်က ၁၀၇ မမက ၁ လုံး၊ ၈၀ မမက ၂ လုံး၊ ၆၀ မမက ၂ လုံးနဲ့ ပစ်ခတ်ခဲ့တာဗျ။ စခန်းထဲကို တည့်တည့်ကိုကျတယ်။ (--)တွေ အသေအပျောက် များမယ်ဗျ။ တပ်အတွင်းဆိုတော့ ကျနော်တို့ အထိအခိုက် အကျအဆုံး သတင်းရယူဖို့ ခက်ခဲတယ်” လို့ ပြောပါတယ်။

အခုလို ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်က လက်နက်ကြီး ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးနဲ့ ၆ ကြိမ် ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့ တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဗိုလ်ရန်ရှင်းက ဆိုပါတယ်။

စစ်ကောင်စီတပ်ကတော့ ဇွန် ၆ ရက်က စခန်းကို လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတာကြောင့် ဇွန် ၇ ရက် မနက် ၈ နာရီကနေစတင်ကာ အရာတော်မြို့နယ်တောင်ခြမ်းကို အင်အား ၅၀ နဲ့ စစ်ကြောင်းထိုးလာလို့ ဒေသခံတွေ အရေးပေါ် စစ်ရှောင်နေကြရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024