Home
မြန်မာသတင်း
ရန်ကုန်တွင် စည်ပင်နှင့် ထွေအုပ်ပေါင်းပြီး ဘေးတွဲဆိုင်ကယ်များကို အခွန်ကောက်ခံနေ
DVB
·
June 1, 2023

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ လှိုင်သာယာမြို့နယ်၊ တာမွေမြို့နယ်နဲ့ မြောက်ဥက္ကလာပ မြို့နယ်တွေမှာ မြို့နယ်စည်ပင်သာယာရေးရုံးနဲ့ ရပ်ကွက်အုပ်ချုပ်ရေးတို့က မေ ၂၈ ရက်က စတင်ပြီး ဘေးတွဲဆိုင်ကယ်တွေကို တစီး ၁၀,၀၀၀ ကျပ်နှုန်းနဲ့ ငွေကြေးကောက်ခံနေတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

စစ်ကောင်စီက ရန်ကုန်မြို့တွင်း နေထိုင်သူတွေ အဓိကအသုံးပြုနေရတဲ့ ဘက်ထရီဆိုင်ကယ်နဲ့ စက်ဘီးတွေကို နေ့စဉ် ဖမ်းဆီးစစ်ဆေးတာတွေ ရှိတဲ့အတွက် ဘေးတွဲဆိုင်ကယ်တွေနဲ့သာ သွားလာမှုများနေချိန် အခုလို အခွန်ကောက်ခံလိုက်တာလို့ ဆိုပါတယ်။

မြောက်ဥက္ကလာပမြို့နယ် (ဈ) ရပ်ကွက်အတွင်း ဘေးတွဲမောင်းသူတဦးက “အထောက်အထားခိုင်လုံတဲ့ ဟာမျိုးတော့ မဟုတ်ဘူး။ ဂိတ်ဝင်ကြေး ပုံစံမျိုးပေါ့ဗျာ။ ဖမ်းရင်တော့ ခံရမှာပဲ။ ငွေသွင်းရမယ်၊ ကိုယ်ပိုင်နံပါတ်ပေးတယ်၊ ဒါပဲ။ ဝစ်စကုတ်မှာ ရပ်ကွက်နဲ့ နံပါတ်ရိုက်ပြီး ဘေးတွဲမောင်းတဲ့အချိန်မှာ ဝတ်ထားရမယ်လို့ ပြောတယ်” လို့ ပြောပါတယ်။

လျှောက်လွှာစာရွာပေါ်မှာ အမည်၊ နေရပ်လိပ်စာ၊ မှတ်ပုံတင်နံပါတ် ပြည့်စုံစွာ ဖြည့်စွက်ပြီး လျှောက်လွှာတင်ကာ အခွန်ငွေ ၁၀,၀၀၀ ပေးပြီး ရပ်ကွက်အတွင်း ပြေးဆွဲခွင့်နံပါတ် ထုတ်ပေးတာလို့ သိရပါတယ်။

“လိုင်စင်ဆိုင်ကယ်မှမဟုတ်ဘူး၊ ဘယ်လိုဆိုင်ကယ်ဖြစ်ဖြစ် ရတယ်။ ဆိုင်ကယ်နာမည်နဲ့ မောင်းမယ့်သူနာမည် ပေးရင်ရပြီ။ အင်ဂျင်နံပါတ်တွေ၊ ဖရိန်နံပါတ်တွေလည်း ပေးစရာမလို၊ ဆိုင်ကယ်အထောက်အထား ဘာမှမလိုဘူးဗျ” လို့ ရာအိမ်မှူးတဦးက ပြောပါတယ်။

ပြေးဆွဲခွင့်နံပါတ်သာ ထုတ်ပေးတာဖြစ်ပြီး ဖမ်းဆီးစစ်ဆေးခံရပါက တာဝန်ယူ ဖြေရှင်းပေးမှာမဟုတ်ဘဲ တရားဝင်လိုင်စင်ထုတ်ပေးတာ မဟုတ်တဲ့အတွက် မိမိတာဝန်သာ ဖြစ်တယ်လို့ နံပါတ်လုပ်ပေးစဉ် ရပ်ကွက်ရုံးအတွင်း စည်ပင်အရာရှိက ပြောဆို အသိပေးထားတယ်လို့ သိရပါတယ်။

ကုန်းလမ်းညွှန်ကြားမှု ဦးစီးဌာန (ကညန) ထုတ်ပြန်ချက်နဲ့ လိုင်စင်ထုတ်ပေးတာမျိုးမဟုတ်ဘဲ မြို့နယ်အတွင်းမှာရှိတဲ့ ဘေးတွဲဆိုင်ကယ် မောင်းနှင်သူတွေ အချက်အလက်နဲ့ ငွေကောက်ချင်လို့သာ အခုလို ဆောင်ရွက်ပေးတာလို့ ပြောပါတယ်။

လှိုင်သာယာမြို့ စက်မှုဇုန်ရပ်ကွက်မှာ ဘေးတွဲဆိုင်ကယ် ပြေးဆွဲခွင့်နံပါတ်ရရှိဖို့ ပြုလုပ်သူ တနေ့ကို အစီးရေ ၄၀၀ မှ ၅၀၀ ဝန်းကျင်ထိ ရှိတယ်လို့လည်း ဆိုပါတယ်။

ဘေးတွဲဆိုင်ကယ်တွေကို စစ်ကောင်စီက ရပ်ကွက်အတွင်း လမ်းသွယ်တွေအထိ လိုက်လံဖမ်းဆီးတာတွေ ရှိနေချိန်မှာပဲ အခုလို ရပ်ကျေးရုံးတွေမှာ နံပါတ်ထုတ်ပေးပြီး အခွန်ကောက်ခံနေတာလို့ သိရပါတယ်။

ရပ်ကွက်ရုံးတွေမှာ မေ ၂၈ ရက်ကစတင်ပြီး ဘေးတွဲဆိုင်ကယ်တွေကို ပြေးဆွဲခွင့်နံပါတ် တစီးကို ၁၀,၀၀၀ နဲ့ ဝစ်စကုတ်အကျင်္ီကို ၆,၀၀၀ ကျပ်နဲ့ ရောင်းချပြီး စည်ပင်ဝန်ထမ်းတွေက ကောက်ခံနေတာလို့ ပြောပါတယ်။

ရန်ကုန်တိုင်းအတွင်း စစ်ကောင်စီကို ထောက်ခံတဲ့သူတွေ လုပ်ကြံခံရမှုဖြစ်စဉ်တွေမှာ တရားခံတွေက စက်ဘီးနဲ့ ဘက်ထရီ‌ဆိုင်ကယ်တွေ စီးနင်းအသုံးပြုတာကြောင့် ဖမ်းစီးစစ်ဆေးမှုတွေ တင်းကျပ်စွာ ဆောင်ရွက်နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024