မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမှုအကူအညီတွေကို နယ်စပ်ကနေတဆင့် ပေးပို့သွားမယ်လို့ ဩစတြေးလျနဲ့ နယူးဇီလန်အစိုးရတွေက ပြောဆိုခဲ့တဲ့အကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ဒီဗွီဘီကို ပြောပါတယ်။
မြန်မာပြည်သူလူထုအတွက် လူသားချင်းစာနာမှုအကူအညီကို စစ်ကောင်စီကနေ တဆင့်မဟုတ်ဘဲ နယ်စပ်ဒေသကနေတဆင့် ဖြတ်ပြီး ပြည်တွင်းကိုရောက်ရှိဖို့ ဖြစ်နိုင်တဲ့ နည်းလမ်းတွေနဲ့ သူတို့ရဲ့မူဝါဒအရ လုပ်ဆောင်မယ်ဆိုတဲ့ တုံ့ပြန်မှုတွေရရှိခဲ့တယ်လို့ (NUG) လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ဩစတြေးလျနဲ့ နယူးဇီလန်ခရီးစဉ်နဲ့ ပတ်သက်လို့ ပြောပါတယ်။
လက်ရှိ ဩစတြေးလျနိုင်ငံကို ရောက်ရှိနေတဲ့ လူ့အခွင့်အရေးဝန်ကြီးက ဒီခရီးစဉ်အပြီးမှာ စစ်ကောင်စီကို ဒီထက်ပိုမိုထိရောက်ပြီး ပြီးပြည့်စုံတဲ့ စီးပွားရေးပိတ်ဆို့မှုမျိုးကို ဆောင်ရွက်လာနိုင်လိမ့်မယ်လို့ ယူဆကြောင်း ပြောဆိုပါတယ်။
ဒါ့အပြင် နယ်စပ်ဒေသမှာ ရောက်ရှိနေတဲ့ CDM နဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေကို လက်ရှိအရေအတွက်ထက် ပိုပြီးလက်သင့်ခံဖို့ တင်ပြခဲ့တယ်လို့ လူ့အခွင့်အရေးဝန်ကြီးက ပြောပါတယ်။
လူ့အခွင့်အရေးဝန်ကြီး ဉီးအောင်မျိုးမင်းဟာ အာဆီယံမိတ်ဘက်နိုင်ငံတွေ ခရီးစဉ်အဖြစ် နယူးဇီလန်ကို သွားရောက်ခဲ့သလို မြန်မာ့အရေးနဲ့ပတ်သတ်လို့ ဒီထက် ပိုမိုအားကောင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုမျိုး အာဆီယံမိတ်ဘက်နိုင်ငံတွေက ပိုမိုဆောင်ရွက်လာနိုင်အောင် တင်ပြဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။


ဦးအောင်မျိုးမင်းဟာ မေ ၈ ရက်ကနေ ၃၁ ရက်အထိ သွားခဲ့တဲ့ ခရီးစဉ်အတွင်းမှာ နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီး၊ ဩစတြေးလျနိုင်ငံဆိုင်ရာ ဝန်ကြီးဌာန တာဝန်ရှိသူတွေ၊ လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံခဲ့ပြီး မြန်မာ့အရေးနဲ့ပတ်သက်လို့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
NUG ဝန်ကြီး ဦးအောင်မျိုးမင်းဟာ ဆစ်ဒနီငြိမ်းချမ်းရေးဖောင်ဒေးရှင်းက ပေးအပ်တဲ့ လူ့အခွင့်အရေးဆိုင်ရာ ရွှေတံဆိပ်ဆုကို လာမယ့် ဇွန်လ ၂ ရက် ဆစ်ဒနီတက္ကသိုလ်မှာ ကျင်းပမယ့် ဆုပေးပွဲအခမ်းအနားမှာ လက်ခံရယူဖို့ရှိနေပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေးအခြေအနေတွေနဲ့ ဒီမိုကရေစီစနစ်ဆီ အသွင်ကူးပြောင်းရေး ခြေလှမ်းတွေအကြောင်းနဲ့ပတ်သက်ပြီးလည်း ဟောပြောပို့ချသွားဖို့ ရှိနေပါတယ်။