ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၃ ထိန်းချုပ်နယ်မြေ၊ ကျောက်ကြီးမြို့နယ် အတွင်းက စစ်ဘေးရှောင်ကလေးငယ် ၁၀,၀၀၀ နီးပါးဟာ နေထိုင်မကောင်းတာ၊ မိုးကာလ မသန့်ရှင်းတဲ့ရေတွေကို သောက်သုံးနေရတဲ့အတွက် အရေပြားရောဂါတွေ ဖြစ်ပွားနေတယ်လို့ စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ ပူးပေါင်းတပ်တွေက စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့အတွက် ကျောက်ကြီးမြို့နယ်အတွင်းက ကျေးရွာပေါင်း ၁၀၀ ကျော်၊ လူဦးရေ ၂၀,၀၀၀ ကျော်ဟာ နေရာအတည်တကျ မရှိတဲ့အပြင် နေထိုင်စားသောက်ရေးမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီး မသန့်ရှင်းတဲ့ရေတွေကို သောက်သုံးနေရတဲ့အတွက် အရေပြားရောဂါတွေ ဖြစ်ပွားနေတာပါ။
ကရင်လူမှုရေးရာအဖွဲ့ တာဝန်ရှိသူတဦးက “အဆင်မပြေတာတွေက တော်တော်များတယ်။ ကလေးတွေအတွက် ရေက သန့်ရှင်းသပ်ရပ်မှုမရှိဘူး။ အဲဒီအပေါ်မှာတော့ ကလေးသူငယ်တွေအတွက် ကျန်းမာရေးအရ တော်တော်စိုးရိမ်ရတယ်။ ယားနာလား၊ ခြင်ကိုက်တာလားတော့ မသိဘူး။ အရေပြားရောဂါတွေ တွေ့နေရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းတွေနဲ့ နယ်မြေခံ KNLA ပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီက ကျေးရွာတွေအတွင်းကို လက်နက်ကြီးပစ်ခတ်တာ၊ နေအိမ်တွေကို မီးရှို့တာ၊ ဖမ်းဆီးသတ်ဖြတ်တာ၊ လူအခွင့်အရေး ချိုးဖောက်တာတွေကြောင့် ဒေသခံပြည်သူတွေဟာ ဒီကနေ့အထိ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။
ဒါ့အပြင် မေ ၃၀ ရက် မနက်ပိုင်းကလည်း စစ်ကောင်စီတပ်က နတ်သံကွင်းကျေးရွာနဲ့ ဥသျှစ်ကုန်းကျေးရွာ လမ်းဆုံကနေ ဒေသခံအမျိုးသား ၁၇ ယောက်ကို လူသားဒိုင်းအနေနဲ့ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပါတယ်။
ဒေသခံပြည်သူတဦးက “လူတွေ ဖမ်းခေါ်ပြီးတော့ မီးတိုင်တွေ သွားထူဖို့လားတော့ မသိဘူး။ ပြောမယ်ဆိုရင် သူတို့ချည်းပဲ မသွားရဲဘူးလေ။ အဲဒီနေရာက အမြဲထိတွေ့မှုတွေ ရှိတယ်။ လောလောဆယ် အခြေအနေက ပြန်လွှတ်တယ် မကြားသေးဘူး” လို့ ပြောပါတယ်။
ကျောက်ကြီးမြို့နယ်အတွင်းက စစ်ကောင်စီရဲ့ စစ်ကြောင်းထိုး လှုပ်ရှားမှုတွေကြောင့် မိုးကာလ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာတွေကြောင့် စစ်ဘေးရှောင်ပြည်သူတွေဟာ နေထိုင်စားသောက်ရေးအပြင် သောက်ရေနဲ့ ဆေးဝါးတွေ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေဆီက သိရပါတယ်။