Home
မြန်မာသတင်း
ပုလောမြို့နယ် မကျည်းကုန်းရွာသား ၁ ဦး မိုင်းနင်းမိပြီး သေဆုံး၊ ဇရပ်ဆိပ်ရွာသား ၈ ဦးကို စစ်တပ်က ဖမ်းဆီး
DVB
·
May 30, 2023

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ မကျည်းကုန်းရွာနဲ့ ကျောင်းနိမ့်ရွာအစပ်မှာ မေ ၂၈ ရက် မနက်ပိုင်းက ဒေသခံတယောက် မိုင်းနင်းမိပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုင်းနင်းမိပြီး သေဆုံးသွားတဲ့ ဒေသခံမှာ မကျည်းကုန်းရွာသားဖြစ်ပြီး တောထဲ အသီးအနှံတွေ ရှာဖွေပြီး ကောက်ရောင်းလေ့ရှိတယ်လို့ သိရပါတယ်။

ဒေသခံတဦးက  “သူက အစကတည်းက တယောက်တည်း နေလေ့ရှိသူပါ။ တောထဲ သီးနှံတွေ ရှာဖွေရောင်းချပြီး စားဝတ်နေရေး ဖြေရှင်းတတ်တယ်။ တောထဲမှာ သီးနှံသွားကောက်ရင်းနဲ့ မိုင်းနင်းမိသွားတာပါ” လို့ ပြောပါတယ်။

မကျည်းကုန်းရွာဘက်မှာ စစ်တပ်ရော၊ ကျောင်းနိမ့်ရွာဘက်က ကာကွယ်ရေးတပ်ရော မိုင်းထောင်လေ့ရှိပြီး အခုနင်းမိုင်းဟာ ဘယ်သူ့မိုင်းလဲဆိုတာ သီးခြား အတည်မပြုနိုင်သေးပါဘူး။

မြိတ်ခရိုင်တပ်ရင်း-၁ သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူတဦးက “ဒေသခံတွေအနေနဲ့ မသွားဖို့ တားမြစ်ထားတဲ့နေရာတွေကို မသွားကြဖို့၊ သွားမယ်ဆိုရင်လည်း အကြောင်းကြားပြီးမှ သွားလာဖို့ အကြံပေးချင်ပါတယ်” လို့ ပြောပါတယ်။

မေ ၃ ရက်ကလည်း ပုလောမြို့နယ်ထဲက နန်းတောင်ရွာ ဘုန်းကြီးကျောင်းမှာ ဒေသခံတဦး မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

ပုလောမြို့နယ်၊ ဇရပ်ဆိပ်ရွာမှာလည်း မေ ၂၈ ရက် မနက်ပိုင်းက ဒေသခံ ၈ ဦး ကို စစ်တပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇရပ်ဆိပ်ရွာခံတဦးက “စစ်တပ်က ဇရပ်ဆိပ်ရွာကို ရောက်လာပြီးတော့ ရွာသားတွေကို ဖမ်းတယ်။ ရွာသား ၈ ဦးထဲမှာ တဦးက ဆန်ဝယ်လာလို့ဆိုပြီး လမ်းကနေ ဖမ်းခေါ်လာတာ။ ရွာသားတွေကို ဖမ်းပြီးတော့ ရွာဘုန်းကြီးကျောင်းမှာ ထားထားတယ်” လို့ ပြောပါတယ်။

စာရင်းအတိအကျနဲ့ ဇရပ်ဆိပ်ရွာထဲကို လာရောက်ဖမ်းဆီးတာဖြစ်ပြီး ဖမ်းဆီးခံရတဲ့ သူတွေထဲမှာ Non-CDM ကျောင်းဆရာနဲ့ ငွေလွှဲငွေထုတ် လုပ်ငန်းရှင်တွေ ပါဝင်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေထဲက အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး ၃ ယောက်ကို မေ ၂၉ ရက်မှာ ပုလောရဲစခန်းကို ခေါ်လာပြီး အဲဒီကတဆင့် ခလရ ၂၈၅ ကို ခေါ်သွားတယ်လို့ သိရပါတယ်။

ဇရပ်ဆိပ်ရွာမှာ ဖမ်းဆီးခံရတာက ၈ ဦးဆိုပေမဲ့ ပုလောရဲစခန်းကို ခေါ်လာချိန်  ၅ ဦးသာပါပြီး ကျန်သုံးယောက် မပါလာတာနဲ့ ပတ်သက်ပြီးတော့ ဘာကြောင့်မပါလာသလဲ ဆိုတာတော့ မသိရပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024