စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ယင်မာပင်မြို့နယ်၊ ကပိုင်ရွာတောင်ဘက်ကို စစ်ကောင်စီက မေ ၂၉ ရက် နေ့လယ် ၂ နာရီကျော်လောက်က စတင်ပြီး လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီက တိုက်လေယာဉ်နဲ့ မန္တလေးမြို့ တံတာဦးဘက်ကနေ လာရောက်ပစ်ခတ်တာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
“ဘာကြောင့်ပစ်တယ်တော့ ဆိုတာတော့ မသိဘူးဗျ။ ရွာရဲ့တောင်ပိုင်းမှာ ပြီးခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် မိုးရွာပြီး ချောင်းရေတိုက်စားလို့ လမ်းပျက်ရာနေရာကို ရွာက ကားတွေနဲ့ မြေချ လမ်းပြင်နေတာကို လေယာဉ်နဲ့ လာပစ်တာဗျ။ ဗုံးသီးက ၂ ခေါက် ပေါင်း ၁၂ လုံး လောက် ချတာဗျ။ ပထမအခေါက်က ၂ နာရီ ၁၀ မိနစ်က တကြိမ် လာပစ်တာ။ အဲဒီအကြိမ်က ၆ လုံးပစ်တယ်။ အဲဒီအကြိမ်မှာ ဘာမှတော့ ထိခိုက်တာမရှိဘူးဗျ။ ဒုတိယအကြိမ်မှာ ၂ နာရီ ၂၇ မိနစ်က နောက်တကြိမ် လာပစ်တာ ကားတစီးတော့ ထိမှန်ပျက်စီးတယ်ဗျ။ ကားအရှေ့က မှန်တွေ အကုန်ကွဲတယ်။ ဘယ်ဘက်ခြမ်းက ကားတံခါးပေါက် ပျက်စီးတယ်။ ကားဘီးတွေ အကုန်ပေါက်ထွက်ကုန်တယ်ဗျ။ ကားအမျိုးအစားတွေက ဖောကား ၂ စီးနဲ့ ခွေးဘီးလူးကားတစီးနဲ့ လမ်းပြင်နေတာပါ။ ပထမအကြိမ် ပစ်တုန်းကတည်းက လူတွေကတော့ အကုန်ထွက်ပြေးလို့ ဘာမှ ထိခိုက်တာမရှိခဲ့ဘူး” လို့ ကပိုင်ရွာသားတဦးက ပြောပါတယ်။
စစ်ကောင်စီက လေယာဉ်နဲ့ နောက်တကြိမ် လာပစ်ဦးမယ်ဆိုတဲ့ သတင်းတွေ ထွက်နေတာကြောင့် ဒေသခံတွေ စိုးရိမ်ထိတ်လန့်နေကြပြီး ပြည်သူတချို့ကတော့ ဘေးလွတ်ရာကို ထွက်ပြေးနေကြတယ်လို့ ဆိုပါတယ်။