Home
မြန်မာသတင်း
မေ ၂၇ တရက်တည်း တိုက်ပွဲများတွင် စစ်အုပ်စုဘက်က အယောက် ၇၀ ခန့်သေဟု NUG ပြော
DVB
·
May 28, 2023

မေ ၂၇ မနေ့က တရက်တည်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီ အကြမ်းဖက်တပ်ဖွဲ့ဝင် ၆၈ ယောက် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

အခုထုတ်ပြန်ထားတဲ့ အချက်အလက်ဟာ မြေပြင်အခြေအနေမှာ ပိုများနိုင်ပြီး တရက်တည်း ထိခိုက်ဒဏ်ရာ ရရှိတဲ့သူ အရေအတွက်ကတော့ ၁၂ ယောက်ထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်ထဲမှာတော့ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်တွေနဲ့ ဆားလင်းကြီးမြို့နယ်က စစ်ကောင်စီ ရဲစခန်းကို PDF တို့က ပစ်ခတ်တိုက် ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။ ကလေးမြို့နယ်မှာတော့ စစ်ကောင်စီတပ်တွေက ဒေသခံတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာတော့ စစ်ကောင်စီ တပ်စခန်းကို PDF တို့က ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခဲ့ကြပြီး မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာတော့ အကြမ်းဖက် စစ် ကောင်စီတပ်တွေကို PDF တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

 မန္တလေးမြို့မှာတော့ အကြမ်းဖက် စစ်ကောင်စီ အင်ဂျင်နီယာတပ်ရင်းကို PDF တို့က ၄၀ မမနဲ့ ပစ်ခတ်ခဲ့ကြပြီး ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာတော့ စစ်ကောင်စီတပ်တွေနဲ့ PDF တို့ကြား အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာလည်း စစ်ကောင်စီတပ်တွေကို PDF တပ်ဖွဲ့က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြသလို ရေးမြို့နယ်မှာလည်း အကြမ်းဖက်စစ်ကောင်စီတပ်တွေကို တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့တွေက ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ် ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန် မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီ တပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

NUG အစိုးရကတော့ အစိုးရ ဖွဲ့စည်းတဲ့ ၂ နှစ်တာ ကာလအတွင်း PDF တပ်ရင်းနဲ့ စစ် ကြောင်း ၃၀၀ ကျော် အပါအဝင် ရပ်ရွာအခြေပြု ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေကိုလည်း မြို့နယ်ပေါင်း ၂၅၀ ကျော်မှာ စနစ်တကျ ဖွဲ့စည်းတည်ထောင်ထားပြီး ဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း ခန့်မှန်းရန်သူ့အင်အား ၃ သောင်းလောက် ထိ ခိုက်သေဆုံးတဲ့အထိ ချေမှုန်းနိုင်ခဲ့ပြီး ၁ သောင်းကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ် ပြန်ချက်မှာ ဖော်ပြထားကာ စစ်အာဏာသိမ်းမှုကို လက်မခံတဲ့ တပ်မတော်သားနဲ့ ရဲဦးရေ ၁၃,၀၀၀ ကျော် ပြည်သူ့ရင်ခွင်ခိုလှုံလာခဲ့တယ်လို့လည်း ဆိုပါတယ်။

လူထုသပိတ်တိုက်ပွဲတွေအနေနဲ့ မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းဒေသကြီးမှာ ၅ ကြိမ်နဲ့ အများဆုံးဖြစ်ပွားခဲ့ပြီး မန္တလေးတိုင်းဒေသကြီးမှာ ၁ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက် စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

NUG အစိုးရကတော့ စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်တာခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည်အထက်ပိုင်း လမ်းပိုင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေပြင်မှာ အကြမ်း ဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024