Home
မြန်မာသတင်း
အကြမ်းဖက်မှုများကျူးလွန်နေသည့် စစ်ကောင်စီကို အာဆီယံ-ဂျပန်စင်တာက ကူညီပံ့ပိုးနေ
DVB
·
May 27, 2023

အာဆီယံ-ဂျပန်စင်တာက အကြမ်းဖက်လှုပ်ရှားမှုတွေလုပ်နေတဲ့ မြန်မာစစ်အုပ်စုရဲ့ ကုန် သွယ်ရေးနဲ့ ခရီးသွားလာရေးအစီအစဉ်တွေကို ပံ့ပိုးပေးနေတယ်လို့ Justice For Myanmar အဖွဲ့က ပြောပါတယ်။

အာဆီယံ-ဂျပန်စင်တာဟာ မြန်မာအပါအဝင် ဂျပန်အစိုးရနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ အစိုးရတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတခုဖြစ်ပြီးတော့ စင်တာကို အဖွဲ့ဝင်နိုင်ငံ တခုစီက ရွေးချယ်ခန့်အပ်ပေးထားတဲ့ ကိုယ်စားလှယ် ၁၁ ယောက်ပါတဲ့ ကောင်စီတခုနဲ့ အုပ်ချုပ်ပါတယ်။

လတ်တလောမှာတော့ အာဆီယံ-ဂျပန်စင်တာ ကောင်စီမှာ စစ်အုပ်စုရဲ့ ဂျပန်နိုင်ငံဆိုင်ရာ  မြန်မာသံအမတ်ကြီး ဦးစိုးဟန် ပါနေတာဟာ ဆိုးရွား မှားယွင်း လွဲချော်တဲ့ ကိုယ်စားပြုမှု ဖြစ်နေပြီး ဒီဖြစ်စဉ်ဟာ စစ်အုပ်စုကို တရားဝင်မှုရအောင် ဆက်လက်ကူညီပံ့ပိုးနေတာ ဖြစ်လို့ စစ်အုပ်စုက အကြမ်းဖက်လှုပ်ရှားမှုတွေကို လက်ရဲဇက်ရဲ ပြောင်ပြောင်တင်းတင်း ဆက်လုပ်ဖို့ အားပေးနေတာဖြစ်တယ်လို့လည်း Justice For Myanmar အဖွဲ့က ပြောပါ တယ်။

ပေါက်ကြားလာတဲ့ စာရွက်စာတမ်းတွေနဲ့ အများသူငှာသတင်းရင်းမြစ်တွေအရ တိုကျို အခြေစိုက် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ခရီးသွားလာရေးဆိုင်ရာ အာဆီယံ-ဂျပန်စင် တာက နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်တွေ အကောင်အထည်ဖော်ရာမှာ လို အပ်နေတဲ့ ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေးအစီအစဉ်မှာ အသုံး ပြုဖို့ အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ နိုင်ငံခြားစီးပွားဆက်ဆံရေးဝန်ကြီးဌာန ကို ထောက်ပံ့ငွေ ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီထောက်ပံ့ငွေကို ၂၀၂၂-၂၃ ဘဏ္ဍာနှစ်အတွက် ပေးအပ်ခဲ့ပြီး အနည်းဆုံး ၂၀၂၃ ခုနှစ် မတ်လမှာ အီးယူက ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ စစ်အုပ်စုဝန်ကြီး ဦးကံဇော်က ဖွင့်လှစ်ပေးခဲ့ တဲ့ ပွဲတစ်ခုအတွက် အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။

စစ်အုပ်စုကိုပေးတဲ့ ရန်ပုံငွေပမာဏနဲ့ ပတ်သက်ပြီး ထုတ်ပြန်ပေးဖို့ Justice For Myanmar ရဲ့ တောင်းဆိုချက်ကိုတော့ အာဆီယံ-ဂျပန်စင်တာက ငြင်းဆိုထားပြီး အဲဒီရန်ပုံငွေ ပမာ ဏနဲ့ ပတ်သက်တဲ့ အချက်အလက် တွေဟာ ဘုတ်အဖွဲ့ဝင်တွေပဲ ရနိုင်တယ်လို့ ဆိုပါတယ်။

အာဆီယံ-ဂျပန် စင်တာရဲ့ အဲဒီ စွမ်းဆောင်ရည်မြှင့်တင်ရေးထောက်ပံ့ငွေဟာ စစ်အုပ်စုရဲ့ ဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ လုပ်ဆောင်ချက်တွေ အများကြီးထဲကတခု ဖြစ်ပြီး စစ်အုပ်စုကို တရားဝင်မှုရစေဖို့၊ စစ်အုပ်စုနဲ့ စီးပွားရေးဆိုင်ရာထိတွေ့ဆက်ဆံမှုကို အားပေးဖို့နဲ့ စစ်အုပ်စုလက်အောက်ခံဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည် တည်ဆောက်ပေးဖို့ ဖြစ်ပါတယ်။

စင်တာဟာ စစ်အုပ်စုရဲ့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနဲ့ တရားဝင်ပူးပေါင်း ဆောင်ရွက်တာဖြစ်ပြီး ခရီးသွားလုပ်ငန်းမြှင့်တင်ဖို့ စစ်အုပ်စုရဲ့ကြိုးပမ်းမှုတွေကို ပံ့ပိုးပေး နေတာဟာ စစ်အုပ်စုကို တရားဝင်မှုနဲ့ နိုင်ငံခြားဝင်ငွေအရင်းအမြစ်တွေ ရရှိအောင် ပံ့ပိုး ပေးနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နှောင်းပိုင်းကစလို့ စစ်အုပ်စုရဲ့ ပြည်သူတွေအပေါ် အကြမ်းဖက် တိုက်ခိုက်မှုတွေ ပိုပြီးဆိုးရွား လာနေတဲ့အခြေအနေတွေမှာ စစ်အုပ်စုရဲ့ ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာနဟာ အာဆီယံ-ဂျပန်စင်တာက ပံ့ပိုးပေးတဲ့ ပုံမှန်သင်တန်းတွေနဲ့ ဆွေး နွေးပွဲတွေကို စီစဉ်ခဲ့သလို မြန်မာနိုင်ငံမှာ ဂျပန်ခရီးသွားလုပ်ငန်းကို မြှင့်တင်ဖို့ ရည် ရွယ်ထားတဲ့ ပုံမှန်သင်တန်းတွေနဲ့ ဆွေးနွေးပွဲတွေမှာ အာဆီယံ-ဂျပန်စင်တာရဲ့ အကြီး တန်း အဖွဲ့ဝင်တွေနဲ့ စစ်အုပ်စုရဲ့ ဝန်ကြီး ဦးဌေးအောင်တို့ ပါဝင်ပါတယ်။

ဒါ့အပြင် အာဆီယံ-ဂျပန်စင်တာက စစ်အုပ်စုကို ဧည့်လမ်းညွှန်တွေအတွက် ဂျပန်ဘာသာ စကားသင်တန်းတွေ ပြုလုပ်ပေးဖို့ ပံ့ပိုးကူညီခဲ့ပြီးတော့ လက်ရှိအခြေအနေမှာ အာဆီယံ-ဂျပန် "ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု" နှစ် ၅၀ ပြည့် အထိမ်းအမှတ် တစိတ် တပိုင်းအဖြစ် အာဆီယံ-ဂျပန်စင်တာ မြန်မာခရီးသွားလုပ်ငန်း မြှင့်တင်ဖို့ ဝက်ဆိုဒ်ကို ဂျပန် ဘာသာနဲ့ ထုတ်လွှင့်ပေးနေပါတယ်။

ဒါ့အပြင် စစ်အုပ်စုနဲ့တိုင်ပင်ပြီး ဂျပန်ကမ္ဘာလှည့် ခရီးသည်တွေအတွက် အကြံပြုချက် ၅ ချက် ဆိုပြီး မြန်မာနိုင်ငံဟာ အားလပ်ရက်အတွက် ဘေးကင်းပြီး ကျင့်ဝတ်သိက္ခာရှိတဲ့ နေရာ တခုဖြစ်တယ်လို့ ဂျပန်လူထုကို လှည့်စားဖြားယောင်း ကြေညာနေတယ်လို့လည်း ဆိုပါတယ်။

Justice For Myanmar အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “အာဆီယံနဲ့ ဂျပန် နိုင်ငံတို့ဟာ ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှု အနှစ် ၅၀ ပြည့် အထိမ်းအမှတ် ကျင်းပနေပါတယ်။ ဒါပေမယ့်လည်း ဒီနှစ်ပတ်လည်နေ့ကတော့ အာဆီယံနဲ့ ဂျပန်တို့ရဲ့ ချစ်ကြည်ရင်းနှီးမှုဟာ အကြမ်းဖက် မြန်မာစစ်အုပ်စုရဲ့ မညှာမတာ သတ်ဖြတ်ခြင်း ခံနေရ သူတွေအတွက်မဟုတ်ဘဲ တရားမဝင်စစ်အာဏာရှင် တွေနဲ့အတူ ရှိနေတယ်ဆိုတာကို ပြသနေတာပဲ ဖြစ်ပါတယ်။ အကြမ်းဖက်စစ်အုပ်စုနဲ့အတူ အာဆီယံ-ဂျပန်စင်တာရဲ့ လုပ် ရပ်တွေဟာ မြန်မာနိုင်ငံကို တရားမ၀င် ထိန်းချုပ်ဖို့ မအောင်မြင်တဲ့ အာဏာသိမ်း ကြိုးပမ်းမှုတွေကို ထောက်ခံအားပေးနေပြီး လက်ရှိဖြစ်နေတဲ့ စစ်ရာဇ၀တ်မှုတွေနဲ့ လူသား မျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကို ခိုင်မာအားကောင်းစေပါတယ်။ ဂျပန်နဲ့ အာဆီယံတို့က စစ်အုပ်စုကို ပံ့ပိုးနေတာတွေကို ချက်ချင်းရပ်ကြဖို့ လိုပါမယ်။ စစ်အုပ်စုကို ပံ့ပိုးနေတာတွေ မရပ်ကြဘူးဆိုရင်တော့ အာဆီယံ-ဂျပန် ဆက်ဆံရေး နှစ် ၅၀ မြောက် နှစ်ပတ်လည်နေ့ဟာ မြန်မာပြည်သူတွေရဲ့ သွေးတွေနဲ့ ထာဝရ ညစ်ထေးစွန်းထင်ကျန်ခဲ့မှာ ဖြစ်ပါတယ်။ အာဆီယံနဲ့ ဂျပန်တို့ဟာ စစ်အုပ်စုရဲ့ နိုင်ငံတကာရာဇ၀တ်မှုတွေမှာ အားပေး ပါဝင်ပတ်သက်နေတာတွေကို အဆုံးသတ်ဖို့ အချိန်တန်ပြီ” လို့ ပြောပါတယ်။

NUG အစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်ကတော့ “မြန်မာပြည်သူတွေဟာ အသတ်ခံရ၊ အဓမ္မပြုကျင့်ခံရ၊ ထိန်းသိမ်းခံရပြီး သူတို့ရဲ့ အိုးအိမ် တွေ၊ ဥစ္စာပစ္စည်းတွေကို နေ့စဥ်နဲ့အမျှ သိမ်းယူ၊ ဖျက်ဆီးခံနေကြရပါတယ်။ ဒီလို အခြေ အနေမျိုးနဲ့ ဒီအချိန်အခါဟာ အပျော်ခရီး လည်ပတ်ရမယ့်အချိန် မဟုတ်ပါဘူး” လို့ ပြောထားပါတယ်။

အာဆီယံ-ဂျပန်စင်တာရဲ့ လုပ်ဆောင်ချက်တွေဟာ ကောင်စီမှာ မြန်မာနိုင်ငံကို ကိုယ်စား ပြုခွင့်ပေးတာ၊ စစ်အုပ်စုလက်အောက်ခံ ဝန်ကြီးဌာနတွေကို ငွေကြေးထောက်ပံ့တာ၊ စွမ်း ဆောင်ရည်မြှင့်တင်တာ၊ စီးပွားရေးချိတ်ဆက်မှုတွေ မြှင့်တင်ပေးတာတို့ဟာ စစ်အုပ်စုရဲ့ မြန်မာပြည်သူလူထုအပေါ် အကြမ်းဖက် နေမှုတွေကို အပြစ်ပေးအရေးယူခံရခြင်း အလျင်း မရှိ ဆက်လက်လုပ်ဆောင်ဖို့ အားပေးနေတာမို့ အာဆီယံ-ဂျပန်စင်တာနဲ့ တခြားအဖွဲ့ အစည်းတွေအနေနဲ့ စစ်အုပ်စုကို သူတို့ကောင်စီကနေ ချက်ချင်းဖယ်ရှားဖို့နဲ့ ထောက်ခံပေး မှု အားလုံးကိုအဆုံးသတ်ဖို့လည်း Justice For Myanmar အနေနဲ့ တိုက်တွန်းထား ပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024