
ထိုင်းနိုင်ငံတောင်ပိုင်း၊ စူရတ်ဌာနီခရိုင်၊ ချာယာမြို့မှာ မေ ၂၂ ရက်က ပုဇွန်ကန်မှာလုပ်ကိုင်တဲ့ ရွှေ့ပြောင်းမြန်မာနိုင်ငံသား လင်မယားနှစ်ယောက် ဓာတ်လိုက်သေဆုံးခဲ့တယ်လို့ ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းတွေဆီက သိရပါတယ်။
သေဆုံးသူ လင်မယားနှစ်ဦးဟာ အသက် ၃၅ နှစ်အရွယ် ကိုသူရအောင်၊ သရက်ချောင်းမြို့၊ ညောင်ဇင်းကျေးရွာသားနဲ့ အသက် ၃၁ နှစ်အရွယ် မမီးမီးထွေး ထားဝယ်မြို့၊ လက်ဝဲကျွန်းရပ်ကွက်ကဖြစ်ပြီး ပုဇွန်ကန်လုပ်သားတွေဖြစ်ကာ မေ ၂၂ ရက် မနက်က ရေကန်အတွင်း ဓာတ်လိုက်သေဆုံးသွားတာဖြစ်တယ်လို့ ရွှေ့ပြောင်းအလုပ်သမားတဦးက ဒီဗွီဘီကို ပြောပါတယ်။
“လင်မယားတွေပါ၊ နှစ်ယောက်လုံး ပုဇွန်ကန်မှာ အလုပ်လုပ်တာ။ ကန်ရေထဲမှာ ဓာတ်လိုက်ပြီး သေဆုံးတာဖြစ်ပါတယ်။ ပုဇွန်ကန်ဆိုတော့ နေ့ ည ခွဲပြီး မီးပေးရတာမျိုး ရှိတယ်ဗျ။ အဲ့မှာ ဘယ်လိုလုပ်ပြီး မီးကြိုး ရေထဲကျသွားလဲမသိဘူး။ သိသိချင်း ဝပ်ဖိုဝိုင် နာရေးကူညီမှုအသင်းက နေပြီးတော့ သွားသယ်ပြီး လုပ်ရိုးလုပ်စဥ်အတိုင်း လုပ်ပေးထားပါတယ်ဗျ။ လုပ်ငန်းခွင် မတော်တဆမှုဖြစ်လို့ လျော်ကြေးလည်း ရမှာပါခင်ဗျ။ ကျနော်တို့လည်း စိတ်မကောင်းဘူး။”
လက်ရှိမှာတော့ သေဆုံးသူတွေရဲ့ ရုပ်အလောင်းကို ချာယာမြို့ကနေ ကန်ချနဒစ်မြို့ ဝပ်နိုင်လန် ဘုန်းကြီးကျောင်းကို လူမှုကူညီရေးအသင်းကားနဲ့ ပို့ဆောင်ပေးခဲ့ပြီး မေ ၂၅ ရက်မှာ မြန်မာ့ထုံးတမ်းစဥ်လာအရ သင်္ဂြိုဟ်သွားမယ်လို့ သိရပါတယ်။