
CI သက်သေခံလက်မှတ်လုပ်မဲ့ ထိုင်းရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုဆီ ငွေလွှဲထားတဲ့ ပြေစာနဲ့ စစ်အာဏာရှင်အစိုးရထံမှာ အခွန်တွေပေးဆောင်ရမှာဖြစ်လို့ ကုန်ကျစရိတ်တွေ များလာနိုင်တယ်လို့ အလုပ်သမားအရေး ကူညီသူတွေက သုံးသပ်ပြောပါတယ်။
ထိုင်းနိုင်ငံမှာ နေထိုင် အလုပ်လုပ်ကိုင်တဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေအတွက် CI လို့ခေါ်တဲ့ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity) စာအုပ်တွေ အခု အောက်တိုဘာလအတွင်းမှာ ထုတ်ပေးတော့မယ်လို့ စစ်အာဏာရှင်အစိုးရရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
CI ဆိုတာ တရားဝင် နိုင်ငံကူးလက်မှတ် (Passport/PJ) မရှိသေးဘဲ ပန်းရောင်ကတ် ကိုင်ဆောင်ထားတဲ့ မြန်မာလုပ်သားတွေကို မြန်မာနိုင်ငံသား ဟုတ်၊ မဟုတ် စိစစ်ပြီး မြန်မာအစိုးရနဲ့ ထိုင်းအစိုးရတို့ ပူးပေါင်းပြီးထုတ်ပေးတဲ့ ယာယီ ခရီးသွား/သက်သေခံ စာအုပ် ဖြစ်ပါတယ်။
ဒီနှစ်မှာတော့ CI စာအုပ် လုပ်ဆောင်မဲ့သူတွေကို ပြည်ပရောက် မြန်မာလုပ်သားတွေ မိသားစုဆီကို လွှဲပို့ငွေ တလ ဘတ် ၂၀၀၀ နှုန်းနဲ့ ၃လစာ ဘတ် ၆,၀၀၀ လွှဲပို့ထားတဲ့ စလစ်စာရွက်နဲ့ ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ဆောင်ထားတဲ့ အခွန် ၁ နှစ်စာ ဘတ် ၁၈၀၀ ပေးဆောင်ထားမှသာ ပြုလုပ်ပေးမယ်လို့ စစ်အစိုးရလက်အောက်ခံ အလုပ်သမားဝန်ကြီး ဦးမောင်မြင့်က ပြောပါတယ်။
ဒီအခြေအနေကြောင့် ဒီနှစ်မှာတော့ CI စာအုပ်လုပ်ဆောင်ရမဲ့ ကုန်ကျစရိတ်က ပြီးခဲ့တဲ့နှစ်တွေက လုပ်ဆောင်ခဲ့တဲ့ နှုန်းထားထက် ၂ ဆနီးပါး ကုန်ကျနိုင်တယ်လို့ အလုပ်သမားအရေး ကူညီပေးနေသူတွေက သုံးသပ်ပါတယ်။
မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီမှ ဦးမိုးကြိုးက “CI လုပ်တာကို လူတွေက အဓိကကတော့ လစဉ်ဝင်ငွေခွန်ရဲ့ ၂ ရာခိုင်နှုန်းနဲ့ မိသားစုဆီလွှဲပို့ငွေ ၂၅ ရာခိုင်နှုန်း ပြဿနာတက်တာ အဲ့ဒီမှာတင်ဈေးက တအားကြီးသွားပြီလေ၊ ဘတ် ၇၈၀၀ ဆိုတော့ တအားကြီးသွားတယ်၊ အဲဒါကြောင့် ပူညံပူညံ အသံဗလံတွေ ဆူညံသွားတာ။ PJ စာအုပ်မကိုင်သေးခင်မှာ ယာယီသဘောမျိုး ကိုင်ဆောင်ထားတဲ့ ယာယီပတ်စ်ပို့နဲ့ အလားသဏ္ဌာန်တူတဲ့ စာအုပ်ဖြစ်တယ်။ အဲဒီတော့ လွတ်လပ်စွာ ခရီးသွားလာခွင့်ရှိတယ်၊ နောက်တခု စကစရဲ့ အလုပ်သမားဝန်ကြီးဌာနကလည်း ဘွဲ့ထူးဂုဏ်ထူးတခုကို ထိုင်းရောက် မြန်မာတွေကို ချီးမြှင့်လိုက်တယ်။ CI အပါအဝင် ပုံစံမျိုးစုံနဲ့ အခွန်ထမ်းသူတွေဟာ သူရဲကောင်းတွေ ဖြစ်ကြတယ်တဲ့”လို့ ပြောပါတယ်။
တဖက်မှာလည်း CI လုပ်တာဟာ စစ်အာဏာရှင်အစိုးရဆီကို အခွန်ပေးဆောင်ရတာ ဖြစ်တဲ့အတွက် CI လုပ်ပေးမဲ့အစီအစဉ်ကို ဖျက်သိမ်းပေးဖို့ Bright Future အဖွဲ့အစည်းက ထိုင်း အောက်လွှတ်တော်အလုပ်သမားရေးရာကော်မတီကို အခုလထဲမှာပဲ တောင်းဆိုခဲ့ပါတယ်။
CI စင်တာတွေကို ဖျက်သိမ်းပေးရမဲ့အပြင် မြန်မာလုပ်သားတွေအပေါ် အမြတ်ထုတ်နေတဲ့ ပွဲစားတွေကိုလည်း အရေးယူပေးဖို့ တောင်းဆိုခဲ့ပါတယ်။
CI မလုပ်ဘဲ ထိုင်းအစိုးရက ထုတ်ထားပေးတဲ့ ထိုင်းနိုင်ငံသားမဟုတ်ကြောင်း သက်သေခံလက်မှတ် ပန်းရောင်ကတ်တွေနဲ့ ထိုင်းနိုင်ငံတွင်းမှာ လွတ်လပ်စွာ ခရီးသွားလာဖို့ကိုလည်း ထိုင်းအစိုးရဆီကို တောင်းဆိုနေတယ်လို့ အလုပ်သမားအရေး အကူအညီပေးတဲ့ MHAC မဟာမိတ်အဖွဲ့က ကိုရဲမင်းက ပြောပါတယ်။
“သူတို့ကတော့ ခေတ်အဆက်ဆက် ဒီလိုပဲ လုပ်လာတာ၊ အလုပ်သမားတွေအပေါ် စေတနာထားလို့တော့ မဟုတ်ဘူး၊ သူတို့အတွက် အလုပ်သမားတွေဆီက သွေးစွန်းငွေတွေ ရနေဖို့၊ အဲဒါကြောင့်လည်း ကျနော်တို့က ပန်းရောင်ဘတ်တခုထဲနဲ့ ရပ်တည်ဖို့ ပြောနေတာ၊ CI စာအုပ်တွေက ထိုင်းဘက်ကလည်း ခွင့်ပြုလို့ အကြမ်းဖက် စစ်အုပ်စုဘက်ကလည်း ထိုင်းဘက်နဲ့ ညှိနှိုင်းပြီး စင်တာတွေ လာဖွင့်တာလေ။ CI စာအုပ်ရိုက်ရင်တော့ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက် တွေ ပေးရမယ်။ ပေါက်ကြားမယ်၊ မတန်တဆကောက်တဲ့အခွန်တွေကို ပေးရမယ်။ CI ကတော့ မလုပ်ဘဲနေလို့ရရင် အကောင်းဆုံးပဲပေါ့။ ပန်းရောင်ဘတ်ကိုပဲ နှစ်စဉ်သက်တမ်းတိုးမယ်ဆိုရင် အဆင်ပြေသွားမယ်လို့ ထင်တယ်ပေါ့နော်။”
CI စာအုပ်တွေကို ထိုင်းနိုင်ငံအတွင်း စမွတ်ဆာခွန်၊ စမွတ်ပရာကန်၊ ဆူရတ်ဌာနီ၊ ချင်းမိုင်နဲ့ ချွန်ဘူရီ ခရိုင်တွေမှာ ဒီကနေ့ အောက်တိုဘာ ၁၄ ရက်ကစလို့ စခန်း ၅ ခုဖွင့်လှစ်ပြီး ထုတ်ပေးသွားမယ်လို့ သိရပါတယ်။
၂၀၂၆ ဖေဖော်ဝါရီလကနေ ဩဂုတ် ၁၆ ရက်အထိ CI စာအုပ် ထုတ်ပေးတဲ့ လုပ်ငန်းစဉ်မှာတော့ ထိုင်းရောက် မြန်မာရွေ့ပြောင်းလုပ်သား ၄၂၉,၁၉၂ ယောက် ကို CI စာအုပ် ထုတ်ပေးနိုင်ခဲ့တယ်လို့ စစ်အာဏာရှင် လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။











