DVB Logo
Home
မြန်မာသတင်း
အာဆီယံရေတပ်စစ်ဦးစီးချုပ်များအစည်းအဝေး၌ မြန်မာစစ်ဗိုလ်ချုပ်ကို တက်ခွင့်ပေးသည့်အပေါ် ကန့်ကွက် 
DVB
·
May 22, 2023
အာဆီယံရေတပ်စစ်ဦးစီးချုပ်များအစည်းအဝေး၌ မြန်မာစစ်ဗိုလ်ချုပ်ကို တက်ခွင့်ပေးသည့်အပေါ် ကန့်ကွက် 
Donate to DVB

အခုသီတင်းပတ်အတွင်း ဖိလစ်ပိုင်ရေတပ်က အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ အာဆီယံ ရေတပ်စစ်ဦးစီးချုပ်များ အစည်းအဝေး (ANCM) မှာ မြန်မာစစ်တပ်ရဲ့ ရေတပ်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မိုးအောင်ပါဝင်တက်ရောက်ခဲ့ပြီး  ၂၀၂၄ ခုနှစ် အတွက် ANCM ရဲ့ ဦးဆောင်မှုကို ပေးအပ်ခဲ့တဲ့အပေါ် ကန့်ကွက်ကြောင်း Justice For Myanmar အဖွဲ့က ထုတ်ပြန်ပါတယ်။

ဒါဟာ အင်ဒိုနီးရှားရဲ့ ဦးဆောင်မှုအောက်မှာ အာဆီယံက အကြမ်းဖက်မြန်မာစစ်အုပ်စုရဲ့ နိုင်ငံတကာ ရာဇ၀တ်မှုကျူးလွန်နေတာတွေကို ဆက်လက်အရေးယူဖို့ ပျက်ကွက်ခဲ့ရုံသာမက ထောက်ခံမှု၊ တရားဝင်မှုတွေ ပေးအပ်နေတာက စစ်အုပ်စုကျူးလွန်နေတဲ့ ရာဇ၀တ်မှုတွေမှာ ကြံရာပါ ဖြစ်လာစေတယ်လို့လည်း ပြောလိုက်ပါတယ်။

ရေတပ်စစ်ဦးစီးချုပ် မိုးအောင်ကိုတော့ ဉရောပသမဂ္ဂ (အီးယူ)က “အခွင့်အာဏာကို အသုံးချပြီး ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနကို ရေယာဥ်/သင်္ဘောတွေနဲ့ တပ်သားနဲ့ စစ်လက်နက်တွေကို ရေကြောင်းလမ်းအတိုင်း မြန်မာနိုင်ငံမြောက်ပိုင်းကို ပို့ခဲ့တဲ့အတွက် သူဟာ ကြီးလေးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုမှာ တာဝန်ရှိတယ်။” လို့ မှတ်ချက်ပေးပြီး ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ် ကျူးလွန်မှုမှာ မြန်မာရေတပ်က ပါဝင်ခဲ့ပြီးတော့ ရိုဟင်ဂျာရွာသားတွေအပေါ် အကြမ်းဖက် တိုက်ခိုက်ဖို့အတွက် ရခိုင်ပြည်မြောက်ပိုင်းအထိ ခြေလျင်တပ်တွေကို စစ်ရေယာဥ် တွေနဲ့ ပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။

အင်ဒိုနီးရှားရဲ့ "တိတ်တဆိတ်သံတမန်မူ" = စစ်ရာဇ၀တ်ကောင်တွေကို ဒေသတွင်း ခေါင်း ဆောင်မှု ရာထူးတွေ ပေးအပ်ချီးမြှင့်ခြင်း။ ခေါင်းစဉ်နဲ့ Justice For Myanmar ရဲ့ ထုတ်ပြန်ချက်မှာတော့ “စစ်အုပ်စုရေတပ်ဟာ ရခိုင်ပြည်နယ်မှာ အသားအရောင် ခွဲခြားဖိနှိပ်မှုတွေ ဆက်လက်ကျင့်သုံးနေတဲ့အပြင် ရိုဟင်ဂျာလှေတွေကို ကြားဖြတ်ဖမ်းဆီးပြီး ကလေးငယ်တွေအပါအဝင် သင်္ဘောပေါ်ပါလာသူတွေကို တရားလက်လွတ် နိုင်ထက်စီးနင်း ဖမ်းဆီးနေတုန်းပါပဲ။ ခုလိုအချိန်မျိုးမှာ နိုင်ငံတကာရဲ့ ဒဏ်ခတ်ပိတ်ဆို့ အရေးယူခံ ထားရတဲ့ စစ်ရာဇဝတ်ကောင် မိုးအောင်ကို ဒေသတွင်းရေတပ်တွေ ဦးဆောင်ရမယ့် ရာထူးကို အာဆီယံက ပေးလိုက်တာ ဖြစ်ပါတယ်။” လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် လက်ရှိ အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး (ADMM)ရဲ့ သဘာပတိ အင်ဒိုနီးရှားနိုင်ငံက ရေတပ်စစ်ဦးစီးချုပ် မိုးအောင်တို့လို စစ်ရာဇဝတ်ကောင်တွေ အင် အားကောင်းလာဖို့ ဒေသတွင်းက စစ်ဘက်ဆိုင်ရာအဖွဲ့များရဲ့ အကြီးအကဲအဖြစ် တရား ဝင် ဖြစ်အောင် ပံ့ပိုးပေးနေတာလို့ဆိုပါတယ်။

အာဆီယံဟာ ADMM ကတဆင့် မြန်မာစစ် အုပ်စုကို သံတမန်ရေးရာ၊ စစ်ရေး၊ နည်းပညာ၊ ငွေကြေးနဲ့ ထောက်လှမ်းရေးပညာ အထောက်အပံ့တွေ ပေးအပ်နိုင်ခဲ့ပြီး ရက်စက်ကြမ်းကြုတ်လွန်းတဲ့ ရာဇ၀တ်မှုတွေကို အပြစ်ပေး အရေးယူခံရခြင်းအလျင်းမရှိပဲ ကျူးလွန်ခိုင်းနေတာ ဖြစ်တယ်လို့လည်း ပြောပါ တယ်။

“ADMM မှာ မြန်မာစစ်တပ်ရဲ့ ပူးပေါင်းပါဝင်ခြင်းအားဖြင့် လက်နက်နဲ့ စစ်သုံးကိရိယာတွေ ဝယ်ယူတာ၊ သူတို့ရဲ့ စစ်ဘက်ဆိုင်ရာ စွမ်းရည်တွေမြှင့်တင်တာ၊ သူတို့ရဲ့ လက်နက်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာတာနဲ့ မြန်မာနိုင်ငံပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ အကြမ်းဖက်မှု စစ်ရေးစွမ်းရည်တွေမြှင့်တင်ရာမှာ အထောက်အပံ့ကောင်းတွေ ရနေတာ ဖြစ်တယ်။”

ဒါကြောင့်မို့ အကြမ်းဖက်မြန်မာစစ်အုပ်စုကို အစည်းအဝေးတွေ၊ ပါဝင်လှုပ်ရှားမှုတွေ အားလုံးကနေ ချက်ချင်း ဖယ်ထုတ်ဖို့၊ ANCM အာဆီယံ ရေတပ်စစ်ဦးချုပ်အစည်းအဝေး၊ အာဆီယံ လေတပ်ဦးစီးချုပ်အစည်းအဝေး၊ လေတပ်စစ်ဦးစီးချုပ် အစည်းအဝေး၊ အာဆီယံ ကာကွယ်ရေးဝန်ကြီး အစည်းအဝေး ကျွမ်းကျင်သူ အလုပ်အဖွဲ့နဲ့ အာဆီယံရဲတပ်ဖွဲ့တို့ကို ဦးဆောင်ခွင့်ရနေတာတွေကနေ ဖယ်ရှားဖို့ အာဆီယံနဲ့ သူတို့ရဲ့ မိတ်ဖက်တွေကို တောင်း ဆိုထားပါတယ်။

အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုကတော့ မြန်မာနိုင်ငံအကျပ်အတည်းနဲ့ ပတ်သက်ပြီး ဒဏ် ခတ်ပိတ်ဆို့အရေးယူမှုတင် မဟုတ်ဘဲ တွေ့ဆုံဆွေးနွေးမှုကနေ ဖြေရှင်းကြဖို့ အာဆီယံ ခေါင်းဆောင်တွေကို တိုက်တွန်းထားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးအကျပ်အတည်းတွေနဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ပေါ်ပေါက်နေတာကို ဖြေရှင်းဖို့ အာဆီယံက ဘုံသဘောတူညီချက် ၅ ရပ် ချမှတ်ထားခဲ့ပေမဲ့ မြန်မာစစ်အာဏာပိုင်တွေက ပူးပေါင်းဆောင်ရွက်မှု မရှိဘူးဆိုပြီး ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။

ဒါ့အပြင် အာဆီယံဥက္ကဋ္ဌ တာဝန်ယူထားတဲ့ အင်ဒိုနီးရှားနိုင်ငံကိုလည်း မြန်မာစစ်အစိုးရရဲ့ ရက်စက်ယုတ်မာမှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက် ပေးဖို့ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ဖိအားပေးမှုတွေလည်း တိုးလာနေတာပါ။

စစ်တပ်က မတရားအာဏာသိမ်းမှုအပြီး အမေရိကန်နဲ့ ဗြိတိန် အပါအဝင် နိုင်ငံအများ အပြားက ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ထားသလို အာဏာသိမ်းပြီးနောက် ပြည်တွင်း မငြိမ်မသက်မှုတွေကြောင့် အရပ်သားရာထောင်ချီ သေဆုံးပြီး ဒေသခံပြည်သူ သိန်းနဲ့ချီ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတာ ဖြစ်ပါတယ်။

Photo-GNLM

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013